မနေ့ည က မန်ချက်စတာ ဒါဘီပွဲမှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ မြို့ခံဒါဘီ ပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၃-ဝ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက် ပရိသတ် အများစု အတွက်တော့ အတော် ကြေကွဲရတဲ့ ရှုံးပွဲ ဖြစ်ပြီး ကမ္ဘာကြီး အဆုံးသတ်သွားသလို ခံစားခဲ့ကြရတာပါ။
ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ခွက်ခွက်လန်အောင် ဂိုးပြတ် ရှုံးခဲ့တာတောင် ဒီပွဲကို အကောင်းမြင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
တန်ဟက်က မန်ချက်စတာ ဒါဘီပွဲ မတိုင်ခင်က ယူနိုက်တက်ဟာ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ရထားတဲ့ အသင်း ဖြစ်တာ မမေ့ကြဖို့ သတိပေးစကား ဆိုခဲ့ပါတယ်။
” ဒီပွဲ မတိုင်ခင် ၃ ပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့တယ်။ အသင်း စိတ်ဓာတ်ပိုင်းကလည်း အတော် ကောင်းတာပါ။ တိုက်ခိုက်လိုစိတ်က သိပ်ကောင်းတယ်။ ဒီတော့ ကျွန်တော့်အမြင် အသင်းက အတက်ဘက်ကို ရောက်နေပါတယ်။ တာထွက်တုန်းက ခက်ခဲခဲ့ပေမယ့် အသင်းက အမြင့်ပျံနေပါပြီ။
ကျွန်တော်တို့မှာ ဒဏ်ရာ ရ ကစားသမားတွေကလည်း ပြန်လာဖို့ ရှိနေတယ်။ ဒီအသင်က ပိုပြီး တောင့်တင်းလာဦးမှာပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်သား နည်းပြကသာ အကောင်းမြင်နေပေမယ့် ယူနိုက်တက်ဟာ စီးတီးကို လုံးဝ မယှဉ်နိုင်ဘဲ အလဲအကွဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ကစားသမားတွေရဲ့ ကွင်းတွင်း စည်းကမ်းပိုင်း၊ စိတ်ဓာတ်ပိုင်း ယိုင်လဲမှုတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။