မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ အိမ်ရှင် နယူးကာဆယ်အသင်း က အငြင်းပွားစရာ ဂေါ်ဒန်ရဲ့ သွင်းဂိုးနဲ့ အာဆင်နယ်အား ၁-ဝ ရလဒ်ဖြင့် အနိုင်ရသွားခဲ့ပါတယ်။
ဒီဂိုးကို ခွင့်မပြုသင့်ကြောင်း အကြောင်းအချက်တွေ အများကြီး ရှိနေပေမယ့် ဂိုးက ခွင့်ပြုခြင်းခံလိုက်ရပြီး အာဆင်နယ်တို့ အရေးနိမ့်ခဲ့ရတာပါ။
အာဆင်နယ် နည်းပြ အာတီတာကတော့ ဒီဖြစ်ရပ်အပေါ် ဒေါသအိုး ပေါက်ကွဲနေပြီး ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် အပေါ် မကျေနပ်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ပေါ်ပေါ်တင်တင်ပဲ ပြောဆိုခဲ့ပါတယ်။
” ကျွန်တော်တို့ ဒီပွဲ ရှုံးကို ရှုံးဖို့ မသင့်ခဲ့ဘူး။ ဒီလို ဖြစ်သွားတာက ဆုံးဖြတ်ချက် တချို့ကြောင့် ဆိုတာ ရှင်းလင်း သိသာပါတယ်။ တကယ်ကို ရှက်စရာကြီးဗျာ၊ ကျက်သရေကို မရှိဘူး။ တကယ်ကို အဲဒီလို ပြောရတော့မှာပဲ။
ဒီသွင်းဂိုးက ဘယ်လို ေ-ာက်ရမ်း ရှင်းလင်းတဲ့ အမြင်နဲ့ ခွင့်ပြုလိုက်တာလဲ ဆိုတာ ပြောရမယ်။ ရှက်စရာကြီးဗျာ။ ဒါပေမယ့် ကျွန်တော်က အခုနေမှာ အသင်းရှေ့ကနေ ထွက်ပြီး ပြောဆို ရှင်းလင်းဖို့ လိုအပ်နေတယ်။ ဒီဂိုး ခွင့်ပြုတာက လုံးဝ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် ဆိုတာ ပြောရမယ်၊ အကူအညီတောင်းရမယ် ဖြစ်နေတယ်။
ဒါက ဂိုးမှ မဟုတ်တာ။ အကြောင်းပြချက် များစွာနဲ့ ကို ဂိုး မဟုတ်တာ။ အကြောင်းပြချက် တစ်ခုထက်မက ကို ဂိုးပယ်ဖျက်ဖို့ ရှိနေခဲ့တယ်။
ကျွန်တော် ဒီနိုင်ငံမှာ ရှိနေတာ နှစ် ၂ဝ ကျော်ပါပြီ။ ဒီလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပါ လို့ သတ်မှတ်ဖို့ နီးစပ်တဲ့ အနေအထား လယ်ဗယ်မှာတောင် ရှိမနေဘူး။ ဒီလို ပြောရတာတော့ ဆောရီးပါ။” လို့ အာတီတာက ပြင်းပြင်း ထန်ထန် ပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းတုန်းက စပါးနဲ့ပွဲမှာ လီဗာပူး ကစားသမား ဒီယက်စ် သွင်းဂိုးကို ပယ်ဖျက်တဲ့ ကိစ္စမျိုး VAR က ပေါ်တင် မှားယွင်းခဲ့ပါသေးတယ်။
ထိုစဉ်ကတော့ အာတီတာဟာ လူသားတွေဟာ မှားယွင်းတတ်ပြီး ဒီ အမှားတွေကို နည်းနိုင်သမျှ နည်းအောင် နည်းစနစ်တွေနဲ့ ထိန်းချုပ်ရတာ ဖြစ်ကြောင်း ဖော့ ပြောကာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ အခုတော့ VAR နဲ့ ဒိုင်တွေရဲ့ လက်စွမ်းကို အာတီတာ ကိုယ်တိုင် ခံစားလိုက်ရပြီ ဖြစ်ပါတယ်။