နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ စတင် ကြုံတွေ့ခဲ့ရတဲ့ နယူးကာဆယ်နဲ့ ပွဲ ပြီးတဲ့နောက် ဒီညမှာ ချန်ပီယံလိဂ် ပွဲ ကစားဖို့ ရှိနေပြီ ဖြစ်ပါတယ်။

အာဆင်နယ်က ယနေ့ည/ ကြာသပတေးနေ့ နံနက် ၂း၃ဝ နာရီမှာ ဆီဗီလာအသင်း အား အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

နယူးကာဆယ်နဲ့ ပွဲ သက်ရောက်မှုက ရှိနိုင်ပေမယ့် ဒီပွဲက အာဆင်နယ်တို့ အေးဆေးနိုင်မယ့် ပွဲ ဖြစ်မယ် လို့ CBS Sports သတင်းဌာနမှ သတင်းထောက် ဂျိမ်းစ် ဘန့်ချ် က အခုလို သုံးသပ်ပြောဆိုလာပါတယ်။

” အာတီတာကတော့ စနေနေ့က နယူးကာဆယ်နဲ့ ပွဲက ကိစ္စတွေကြောင့် သွေး အတော် ပူနေပါလိမ့်မယ်။

ပွဲ ပြီးပြီးချင်းကို ဒိုင်တွေနဲ့ ပတ်သတ်ပြီး ဝေဖန်စကားတွေ ပြောလိုက်တာက ဘာကိုမှ စိုးရိမ် နောက်တွန့်မနေတဲ့ လူ တစ်ယောက်ရဲ့ ဒေါသကို ပကတိ မြင်လိုက်ရတာပါပဲ။ ဒါပေမယ့် ဒါက ကိုယ့် ပြန်ကိုယ် ထိ တတ်ပါတယ်။

ဆီဗီလာနဲ့ ပွဲက သိပ် ကြည့်လို့ လှတာ၊ ရင်ခုန်တွေ ပါချင်မှ ပါပါမယ်။ ဒါပေမယ့် ဂန်းနားတွေရဲ့ လတ်တလော ပုံစံကောင်း အရ ချန်ပီယံလိဂ်မှာ ဒီလို ပြိုင်ဘက်ကောင်းနဲ့ တွေ့တာတောင် သူတို့ အေးအေးဆေးဆေး သာသာ ယာယာ ဖြတ်ကျော် အနိုင်ယူသွားမယ် လို့ ပြောနိုင်နေတယ်။ ” လို့ ဂျိမ်းစ် ဘန့်ချ်က ဆိုသွားပါတယ်။

၎င်းကပဲ ဒီပွဲကို အနိုင်ယူလိုက်ရင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့် တက်ဖို့ တစ်နေရာ သေချာ သွားနိုင်တာကြောင့် အာဆင်နယ် ဟာ ဆီဗီလာ ကို ၂-ဝ နဲ့ ဂိုးပြတ်နိုင်မယ်လို့ ပွဲရလဒ်ကိုပါ ခန့်မှန်းသွားပါတယ်။