စပါးကို အနိုင်ရတဲ့ပွဲအပြီး ဂျက်ဆန်နဲ့အတူ sky sports အင်တာဗျူးကို တက်ရောက် ဖြေကြားပေးချိန်မှာ ရင့်ကျက်လှတဲ့ ချယ်ဆီး ကစားသမားသစ် ပါလ်မားရဲ့ စိတ်ထားကြောင့် အင်တာဗျူးနေသူ ကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျက်ဆန်ဟာ ၂၀၀၂ ခုနှစ်က ချယ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆဲဘိန့်ခ်နောက်ပိုင်း စပါးစ်ကို ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ချယ်ဆီးကစားသမားဖြစ်လာခဲ့တာပါ။

ပါလ်မားက ” ဂျက်ဆန်အတွက် အစပိုင်းက ခက်ခဲခဲ့ပါတယ်၊ ဒါက ဖုံးကွယ်ထားစရာ မလိုပါဘူး၊ ဒီပွဲမှာ သူ အရမ်းကောင်းခဲ့ပါတယ်၊ ဒီအခြေအနေအတွက် ဘဝင်မြင့်နေတာမျိုး မလုပ်ဘဲ လေ့ကျင့်ရေးကွင်းမှာ ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုပါသေးတယ်၊ ဟက်ထရစ်တွေ ပိုရဖို့အတွက်ပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

အင်တာဗျူးသူက ” ဂျက်ဆန်ကို ပိုကြိုးစားဦးလို့ မင်းပြောတာလား” လို့ ထပ်မံမေးမြန်းခဲ့ရာမှာ ပါလ်မားက “ဟုတ်ပါတယ်၊ ကိုယ်က အမြဲတမ်း ကြိုးစားနေရမှာလေ” လို့ ပြန်ပြောသွားခဲ့ပါတယ်။

ဘေးမှာရှိနေတဲ့ ဂျက်ဆန်ကလည်း ပါလ်မားကို ထောက်ခံခဲ့ပြီး ” အမြဲတမ်း တိုးတက်လာဖို့ လိုပါတယ်၊ အမြဲတမ်း အားထုတ်နေရမှာပါ၊ ဒီပွဲမှာ ဘာဖြစ်ခဲ့တယ် ဆိုတာကို မေ့ထားပြီး ရှေ့ဆက်ရမှာပါ ” လို့ ဝင်ပြောခဲ့ပါတယ်။

အသင်းဖော်က ဟက်ထရစ်ရှင်ဖြစ်နေတာတောင် ထပ်ကြိုးစားဦးလို့ ပြောဆိုခဲ့တဲ့ ပါလ်မားရဲ့ ခံယူချက်ကို ချယ်ဆီးပရိသတ်တွေက အထင်ကြီးခဲ့ကြတယ်။

နာမည်ကျော် ချယ်ဆီး X တွစ်တာ အကောင့်တွေကဆိုရင် “ချယ်ဆီးမှာ လိုနေတာ ဒီလို ကစားသမားကွ၊ ဒီလို အမြဲ အောင်မြင်မှုတွေ ဆာလောင်နေတဲ့ ကစားသမားကပဲ ကလပ်ကို အောင်မြင်မှုထံ ပြန်ပို့နိုင်မှာ ” လို့ အင်တာဗျူး ဗီဒီယိုဖြင့် တွဲဖက် ဖော်ပြခဲ့တယ်။

မန်စီးတီးကနေ ပါလ်မား သယ်ယူလာတဲ့ ချန်ပီယံ စိတ်ထားဟာ လူငယ်တွေ စုနေတဲ့ ချယ်ဆီးမှာ လိုအပ်နေတာပဲ ဖြစ်ပါတယ်။