မနေ့ညက ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ကိုပင်ဟေဂင် အသင်းကို ၄-၃ နဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်း ဇယားအောက်ဆုံးထိ ကျဆင်းသွားရပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ၂-၀ ဖြင့် ဦးဆောင်ထားချိန် ရက်ဖိုဒ့်ကို တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့ပြီး ပွဲက အပြောင်းအလဲ ဖြစ်သွားကာ နောက်ပိုင်းမှာတော့ ဂိုးတွေ ထပ်ပေးရကာ ရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ရက်ဖိုဒ့်ဟာ ပြိုင်ဘက်ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘဲ ဘောလုံးကိုပဲ ဦးတည် ကစားခဲ့ပေမယ့် ခြေကျင်းဝတ်ကို တတ်နင်းခဲ့တဲ့ ဖြစ်ရပ်အား ဒိုင်လူကြီးက serious foul အဖြစ် ယူဆကာ အနီကဒ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ အနီကဒ် ကို သရဲနီဟောင်းကြီးတွေက လုံးဝ လက်မခံနိုင် ဖြစ်နေကြပါတယ်။

အိုဝင်ဟားဂရေ့ဗ်က ‘ ဘယ်လိုမှကို ပြစ်ဒဏ် မဟုတ်တာပါ။ သူက ဘောလုံးရှေ့ကို ခြေထောက်ဦးထားဖို့ ကြိုးစားခဲ့တာပါ၊ ခံစစ်သမားကိုတောင် ကြည့်ခဲ့တာ မဟုတ်ဘူး၊ ခြေလှမ်းဦးထားဖို့ ကြိုးစားရင်း ခံစစ်သမားကို နင်းခဲ့မိ တာပါ။

ဒီဖြစ်ရပ်ကို စခရင်မှာ ကြည့်ရင်တော့ ကြောက်စရာကောင်းမှာပေါ့၊ ဒါပေမယ့် တကယ့် ပွဲအရှိန်နဲ့ကြည့်မယ်ဆိုရင် ရက်ဖိုဒ့်က ပြစ်ဒဏ် ကျူးလွန်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါက serious foul မဟုတ်ဘဲ သာမာန် ပြစ်ဒဏ်လေး တစ်ခုပါ၊ အနီကဒ် မပေးသင့်ပါဘူး ’ လို့ ဝေဖန်ခဲ့တယ်။

ပေါ့စခိုးကလည်း ‘ ဒါက ဒိုင်ရဲ့ နားလည်မှုလွဲခြင်းပါ၊ ဒါက မတော်တဆဖြစ်ရပ်ပဲ။ ရက်ဖိုဒ့်က ဘောလုံးကို ကာကွယ်ဖို့ ကြိုးစားတာပါ။ သူက ပြိုင်ဘက် ကစားသမားတောင် ကြည့်မနေပါဘူး။ ဒိုင်လူကြီးရဲ့ ပွဲကို နားလည်နိုင်စွမ်းက မေးခွန်းထုတ်စရာပါပဲ ’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒိုင်လူကြီးရဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှုကပဲ ယူနိုက်တက်ကို နစ်နာစေခဲ့ပြီး ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်က ကျော်ဖြတ်နိုင်ဖို့ အတော်လေး ခက်ခဲနေခဲ့ပါပြီ။