အာဆင်နယ် အသင်းရဲ့ မနေ့ညက ဆီဗီလာ နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲကတော့ အမ်းမရိတ်မှာ ၂-၀ ဖြင့် အနိုင်ရ ရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ် တိုက်စစ်သမား ဆာကာနဲ့ ခံစစ်သမား တိုမီယာဆုတို့ ဒဏ်ရာရခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတင် တိုမီယာဆု လူစားလဲခံခဲ့ရပေမယ့် ဆာကာကတော့ ပွဲချိန် ၈၆ မိနစ်မှ ကွင်းထဲက ထွက်ခွာခဲ့တာပါ။ သူတို့ နှစ်ဦးရဲ့ အခြေအနေက စိုးရိမ်စရာတော့ မဟုတ်ဘဲ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ လူစားလဲခဲ့တာ ဖြစ်ဖို့ များပါတယ်။

ပွဲ အပြီးမှာ ဆာကာနဲ့ တိုမီယာဆု တို့ အခြေအနေနဲ့ ပတ်သတ်ပြီး အာဆင်နယ် နည်းပြ အာတီတာက ခုလို အသိပေးခဲ့ပါတယ်။

ဆာကာနဲ့ ပတ်သက်ပြီး အာတီတာက –

” သူ အကန်ခံလိုက်ရတာပါ၊ ဆေးအဖွဲ့ကတော့ ဆာကာက အဲ့ဖြစ်ရပ်ကို မပျော်ရွှင်သလို သက်သောင့်သက်သာ ဖြစ်မနေဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူအဆင်ပြေနေဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောခဲ့တယ်။

တိုမီယာဆုရဲ့ အခြေအနေ အတွက်တော့ ” ပထမပိုင်းမှာ သူ အနေအထား အချို့ကို အဆင်မပြေဘူးဖြစ်နေတယ်။ ကျနော်တို့ စွန့်စားမှု မလုပ်ချင်ပါဘူး။

သူက ပွဲမိနစ်တွေ အများကြီး ကစားထားပြီး အရန်ခုံမှာကလည်း ဇင်ချန်ကိုက ပွဲကစားဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒီတော့ လူစားလဲလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီအပတ် လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။