တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က အသင်းဖော် မက် အယ်လစ္စတာနဲ့ အတူ လုပ်ခဲ့ရတဲ့ အင်တာဗျူး တခုမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား ဘယ်နှလုံးရထားသလဲ ဆိုတဲ့ မေးခွန်းကို မှားဖြေမိလို့ ပွဲဖြစ်နေပါတယ်။
ဒါဝင် နူနက်ဇ်ဟာ လီဗာပူးအသင်းကို မနှစ်ကနွေမှာ စတင် ရောက်ရှိလာခဲ့ပြီး ဘာသာစကား အခက်အခဲရှိထားကာ ဒီရာသီမှ အင်တာဗျူးတွေမှာ စတင် ပါဝင်လာနိုင်တာပါ။
လီဗာပူးအသင်း ရခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလား အရေအတွက်ဟာ ဘယ်လောက်လဲလို့ မေးမြန်းခဲ့ချိန်မှာ ဒါဝင် နူနက်ဇ်က ယုံကြည်မှုရှိရှိနဲ့ လက် ၃ချောင်း ထောင်ပြကာ ၃လုံးလို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။
ဘေးမှာရှိနေတဲ့ မက်အယ်လစ္စတာက ဒီအဖြေအတွက် သူ့နံဖူးသူရိုက်ပြီး မှားနေပြီလို့ အချက်ပြခဲ့ပါတယ်။ နူနက်ဇ်က ကြောင်အအ ဖြစ်သွားခဲ့ကာ အင်တာဗျူးမေးသူကပဲ ၆ ကြိမ်ဖြစ်တယ်လို့ အမှားကို ပြင်ဆင်ပေးခဲ့ရပါတယ်။
လီဗာပူးပရိသတ်တွေကတော့ လေ့ကျင့်ရေးကွင်းမှာ ဖလား မှတ်တမ်းကြီး ချိတ်ထားသလို အန်ဖီးကွင်းမှာလည်း ဖလားတွေ ပြသထားပေမယ့် သတိမပြုမိဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြတယ်။
ဥရုဂွေးသားဟာ ဘင်ဖီကာ ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ရောက်ရှိလာခဲ့ပြီး လီဗာပူးနဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိထားသူ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၅၉ပွဲ ပါဝင် ကစားပြီး သွင်းဂိုး ၂၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။