ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်း တို့ဟာ ပြီးခဲ့တဲ့နှစ် နွေတုန်းက ခေါ်ခဲ့တဲ့ တိုက်စစ်မှုးသစ်တွေ မဟန်တာကြောင့် ဒီနွေမှာ တိုက်စစ်မှုး ထပ်ခေါ်ဖို့ ရှာဖွေနေကြပါတယ်။

အာဆင်နယ်ကလည်း မန်စီးတီးကို ယှဉ်ဖို့ ရည်မှန်းကာ ချယ်ဆီးမှ ကိုင်ဟာဗက်ဇ် ကို ခေါ်ယူခဲ့ပေမယ့် ဂျာမန်သား ဟာ သွင်းဂိုးတွေ သွင်းဖို့တော့ ဒေါင်ဒေါင်မြည် အားကိုးရသူ မဟုတ်ခဲ့ပါဘူး။

ဒီနွေ ဈေးကွက်ထဲမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေက ဘယ်လို တိုက်စစ်မှုးတွေ ခေါ်ယူနိုင်ဖွယ် ရှိမလဲ ဆိုတာ ဒေးလီးမေးလ်က ဖော်ထုတ်လာပါတယ်။

ဆက်စ်ကို

လိုက်ပ်ဇစ်မှာ ကစားနေတဲ့ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဆလိုဗေးနီးယားသား တိုက်စစ်မှုး ဘန်ဂျမင် ဆက်စ်ကို အား ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်းလုံး မျက်စိကျစရာ ဖြစ်နေပါတယ်။ အရပ် ၆ ပေ ၃ လက်မ ရှိတဲ့ တိုက်စစ်မှုး ဆက်စ်ကို ကို ယူနိုက်တက်နဲ့ ချယ်ဆီးကလည်း စိတ်ဝင်စားပေမယ့် အာဆင်နယ်က လက်ဦးမှုယူကာ ကစားသမားကို သဘောတူညီမှု ရထားပြီ လို့ သတင်းထွက်နေပါတယ်။

အလက်ဇန်းဒါး အိုင်ဆက်

ပြီးခဲ့တဲ ရာသီ ပြိုင်ပွဲစုံမှာ နယူးကာဆယ် အတွက် ဆွီဒင်သားက ၂၅ ဂိုးထိ သွင်းထားခဲ့တာပါ။ ဒါပေမယ့် ကလပ်ရဲ့ ဘဏ္ဍာရေး ဟန်ချက် ထိန်းညှိဖို့ အတွက် ပြောင်းရွှေ့ကြေး များများ ပြန်ရနိုင်မယ့် အိုင်ဆက်ကို နွေမှာ ရောင်းရဖွယ် ရှိနေပါတယ်။

စပါးနဲ့ အာဆင်နယ်တို့ မျက်စိကျနေတဲ့ တိုက်စစ်မှုး အိုင်ဆက် အတွက် နယူးကာဆယ်က ပေါင် သန်း ၁ဝဝ လောက် အလိုရှိနေပါတယ်။

အိုလီ ဝက်ကင်းစ်

အင်္ဂလန်သား ဝက်ကင်းစ် ဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၂၇ ဂိုးထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၈ ဂိုး ရှိထားပါတယ်။ အက်စတွန်ဗီလာကလည်း ဘဏ္ဍာရေး စည်းမျဉ်းကြောင့် သူတို့ ကစားသမားကို ရောင်းချရဖွယ် ရှိနေပါတယ်။

ဒိုမိနစ် ကဲလ်ဗတ် လီဝင်

အဲဗာတန်ကတော့ သူတို့ရဲ့ အဓိက ကြယ်ပွင့်တွေကို မရောင်းဘူး ချင်ပေမယ့် ဘဏ္ဍာရေး ဟန်ချက် ထိန်းညှိဖို့ အတွက် ကဲလ်ဗတ် လီဝင် ကိုလည်း ဈေးကောင်း ရရင် ရောင်းချရဖို့ ရှိနေပါတယ်။