ဘုန်းမောက်အသင်းမှ အင်္ဂလန်သား တိုက်စစ်မှုး ဒိုမိနစ် ဆိုလန်ကီ ဟာ ဒီနွေမှာ ပေါင် ၆၅ သန်းနဲ့ ရောင်းချခံရဖွယ် ရှိနေပြီး ၎င်းကို စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲ အာဆင်နယ် အသင်း ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂီတာဖေးမှာ အငှားထွက် ကစားရင်း ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကို နည်းပြ မော်ရင်ညို ကိုင်တွယ်တော့မယ့် ဖီနာဘာချီ အသင်းက ခေါ်ယူလိုနေပါတယ်။

ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ စီးရီးဘီ ကလပ် Sport Recife အသင်းထံမှ ဆက်ကျော်သက် အစွန် နောက်ခံလူ ပီဒရို လီမာ ကို ယူရို ၇ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

ပေါင် သန်း ၆ဝ လို့ တန်ကြေး သတ်မှတ်ခံထားရတဲ့ ခရစ္စတယ်ပဲလေ့စ် ပလေးမိတ်ကာ ကစားသမား Eberechi Eze ကို မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် စပါးအသင်းတို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

နယူးကာဆယ် အသင်းဟာ ဘန်လေအသင်းရဲ့ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သား ဂိုးသမားလေး ဂျိမ်းစ် ထရက်ဖို့ဒ်ကို ပေါင် ၁၆ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီး ဘန်လေဘက်ကတော့ ပေါင် သန်း ၂ဝ အလိုရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဖီးလ် ဖိုဒန်ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ထိုစာချုပ် အရ သမိုင်းမှာ လုပ်ခလစာ အများဆုံး ဗြိတိန် ကစားသမား ဖြစ်လာမယ် လို့ သိရပါတယ်။

လက်စတာစီးတီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြ နေရာအတွက် ခန့်အပ်ဖို့ ချယ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာကို ဆက်သွယ် မေးမြန်းနေပါတယ်။

အက်စတွန်ဗီလာအသင်းက အာဆင်နယ် အလိုရှိနေတဲ့ ဒေါက်ကလပ်စ် လူးဝစ်အတွက် ပြောင်းအရွှေ့ကြေး ပေါင် သန်း ၅၀ ရလိုနေပါတယ်။

ယူနိုက်တက်ဟာ ဇွန်လ ၃ဝ ရက်နေ့ မတိုင်ခင်မှာ အဲဗာတန် နောက်ခံလူ ဘရတ်သ်ဝိတ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ အဲဗာတန်က ဒီလမကုန်ခင်မှာ ကစားသမား ရောင်းချမှုကနေ ငွေပြန်ဖော်ဖို့ လိုအပ်နေတာပါ။