ထိုင်းမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူထားသူတွေနဲ့ ရောင်းချတဲ့ ကုမ္ပဏီတွေကို ဆက်လက်ဖော်ထုတ်အရေးယူမယ် ကြေညာမှုကြောင့် မြန်မာကနေ ကွန်ဒိုဝယ်ယူမှု သိသိသာသာကျဆင်းသွားနိုင်တယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းရဲ့ ပြောပြချက်တွေကို ထိုင်းသတင်းတွေမှာ ဖော်ပြလာပါတယ်။

ထိုင်းကကွန်ဒိုတွေကို နိုင်ငံခြားသားဝယ်ယူမှုစာရင်းမှာ မြန်မာက နံပါတ် (၂) နေရာရှိနေတာပါ။ ဒါကြောင့် မြန်မာဝယ်လက်တွေ လျော့ကျသွားမှာကို ထိုင်းအိမ်ခြံမြေ စျေးကွက်က စိုးရိမ်မှုတွေရှိလာနေတာဖြစ်ပါတယ်။

ထိုင်းကွန်ဒိုဈေးကွက်မှာ အဓိကကျတဲ့ တရုတ်ဘက်က ဝယ်လိုအားတွေ ကျလို့ ပြည်တွင်းဈေးကွက်ကျနေချိန်မှာ မြန်မာဘက်က ဝယ်ယူတဲ့ပမာဏတွေက ထိုင်းကွန်ဒိုစျေးကွက် အကျပ်အတည်းကို ကယ်တင်ပေးမှုဖြစ်လာနေပါတယ်။

မြန်မာဘက်က အရေးယူမယ် ကြေညာမှုတွေကြောင့် ဧပြီနဲ့ မေလအတွင်း ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူသူထံ လွှဲပြောင်းတဲ့နေရာမှာ ပိတ်ပင်တားဆီးခံခဲ့ရတယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Prasert Taedulayasatit ကပြောထားပါတယ်။

ဒီလိုဖမ်းဆီးအရေးယူမှုတွေက ထိုင်းရဲ့အောင်မြင်စ ကွန်ဒိုအရောင်းစျေးကွက်နဲ့ မြန်မာက ဝယ်ယူထားတဲ့သူတွေကြား ဒီနှစ်ဝက်အထိ ကွန်ဒိုလွှဲပြောင်းမှုတွေမှာ အခက်အခဲဖြစ်စေနိုင်တယ် လို့ သူက သတိပေးသွားခဲ့ပါတယ်။