အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမား အိုဘီ မာတင်ဟာ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အိုဘီ မာတင်ဟာ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးပြီး အာဆင်နယ် လူငယ်အသင်းရဲ့ အရေးအပါဆုံး ကစားသမာ ဖြစ်ပါတယ်။
မာတင်ဟာ အသက် (၁၄)နှစ်အရွယ်ကတည်းက အာဆင်နယ် အကယ်ဒမီဆီ ရောက်ရှိလာခဲ့ကာ (၁၅)နှစ်အရွယ်နဲ့ပဲ အာဆင်နယ် ယူ-၂၁အသင်းအတွက်ပါ ပါဝင်ကစားခွင့် ရလာခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက ဒိန်းမတ် ယူ-၁၇အသင်းအတွက် ပါဝင်ကစားနေရသူပါ။ ဒီကစားသမားလေးဟာ အသက်အရွယ်အရ ငယ်ရွယ်လွန်းသေးပေမယ့်လည်း သူရဲ့ဂိုးသွင်းအားတွေက အရမ်း ကောင်းမွန်ပါတယ်။
အာဆင်နယ် ယူ-၁၈က လီဗာပူးလ် ယူ-၁၈အသင်းကို (၁၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူတစ်ဦးတည်း (၁၀)ဂိုး နောဝစ်ချ် ယူ-၁၈ကို အာဆင်နယ် ယူ-၁၉ က (၉)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း သူတစ်ဦးတည်း (၇)ဂိုးတွေအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဒီလို အရည်အသွေးကောင်းတွေကြောင့် အင်္ဂလန် FA က အိုဘီ မာတင်ကို ဒိန်းမတ်ထက် အင်္ဂလန်ကိုသာ ကိုယ်စားပြု ကစားပေးဖို့ ဆွဲဆောင်လာခဲ့သလို အာဆင်နယ်ဘက်ကလည်း ဒီကစားသမားလေးကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အိုဘီ မာတင်ကတော့ ပယ်ချခဲ့ပါတယ်။
ဒီလို ခြေစွမ်းတောက်ပလွန်းသူ ဖြစ်တာကြောင့် ဂန်းနား ပရိသတ်တွေက သူ့ကို အသင်းကြီးအထိ ရောက်လာဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း လက်ရှိမှာ အိုဘီ မာတင်ကတော့ အာဆင်နယ်ကို စွန့်ခွာဖွယ် ရှိနေပါတယ်။
အိုဘီ မာတင်ကို အရင် ချဉ်းကပ်ခဲ့တာက ဒေါ့မွန်အသင်းဖြစ်ပြီး အခုတော့ ဒေါ့မွန်ထက် ဘိုင်ယန်မြူးနစ်က အသာရနေဟန် ရှိကာ အိုဘီ မာတင်ကို အရ ခေါ်ယူနိုင်ဖို့ ကစားသမား အေးဂျင့်နဲ့ ဆွေးနွေးနေပြီ လို့ သိရပါတယ်။