အနာဂတ်မှာ တောက်ပလာမယ့်၊ အလားအလာ အကောင်းဆုံး တောင်ပံတိုက်စစ် တစ်ဦး အဖြစ် သတ်မှတ် ခံထားရတဲ့ ဘယ်လ်ဂျီယံသား တောင်ပံတိုက်စစ်သမား ဂျိုဟန် ဘာကာယိုကို ကို လီဗာပူးက အရင် ချိတ်ဆက်နေသလို အာဆင်နယ်ကလည်း ဝင်ရောက် ချိန်ရွယ်လာပါတယ်။

နာမည်ကြီး အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုကတော့ အာဆင်နယ်နဲ့ ဘယ်လ်ဂျီယံသားတို့ အပြောင်းအရွှေ့ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာ ဖော်ထုတ်လာပါတယ်။

PSV တိုက်စစ်သမား ဘာကာယိုကို ဟာ အာဆင်နယ်ရဲ့ ဒီရာသီ ပစ်မှတ်များစွာထဲက တစ်ယောက် ဖြစ်ပြီး အသက် ၂၁ နှစ် အရွယ် တိုက်စစ်သမား အတွက် အာဆင်နယ်က ရေရာတဲ့ ညှိနှိုင်းမှု လုပ်တဲ့ အဆင့်တော့ မရောက်သေးဘူးလို့ ရိုမန်နို က ဆိုပါတယ်။

ဒါပေမယ့် ဘယ်လ်ဂျီယံ ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပြီ ဖြစ်တာကြောင့် ဘာကာယိုကို အတွက် နွေ အပြောင်းအရွှေ့ ကာလ ညှိနှိုင်းမှုတွေ လာမယ့် သီတင်းပတ်တွေ အတွင်း မြင်ရဖွယ် ရှိပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်ကြတဲ့ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ ဘာကာယိုကိုကို အပြိုင် ဖြစ်လာချိန်မှာ လီဗာပူး အသင်းက ကစားသမားရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှု ရှိနေတယ် သတင်း ထွက်ထားပါတယ်။

ငယ်ရွယ်ပြီး ခြေစွမ်းကောင်းတဲ့ ဘာကာယိုကို ကို စိတ်ဝင်စားတဲ့ ကလပ်တွေ အတော် ရှိနေသေးပြီး PSV ကတော့ ဘယ်လ်ဂျီယံသားကို ပေါင် ၄၃ သန်း လောက် ရရင် ရောင်းချဖွယ် ရှိပါတယ်။