ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇလန်ကို ရင်ဆိုင်ရမယ့်ပွဲမှာ နည်းပြဆောက်ဂိတ်ဟာ သူ့ရဲ့ ကစားကွက်ကို ပြောင်းလဲသွားနိုင်ကြောင်း တယ်လီဂရပ် သတင်းထောက် Matt Law က ထုတ်ပြောလာပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ တောက်လျှောက်မှာ ခံစစ် ၄ ယောက်တန်းကို အသုံးပြုနေကာ ထရန့်ကို ကွင်းလယ်ပို့တဲ့ ၂ ပွဲ အပါအဝင် ပွဲတိုင်းမှာ ကွင်းလယ် အပြောင်းအလဲ ပြုလုပ်နေခဲ့တာပါ။

ဘယ်ခြမ်းခံစစ်မှူး ဂူဟီ ပွဲပယ်ကြောင့် မပါနိုင်တာမို့ ခံစစ်ကို ၃ ယောက်တန်း ပြင်ဆင်ကာ ကစားကွက်သစ် မိတ်ဆက်ဖို့ နည်းပြဆောက်ဂိတ်က စီစဉ်ထားပါတယ်။

အင်္ဂလန်အသင်း ကစားကွက်ဟာ ၃-၅-၂ ဖြစ်လာနိုင်ပြီး ဟယ်ရီကိန်းကို တိုနေးနဲ့ တွဲဘက်ပေးကာ ခံစစ် ၃ ယောက်တန်းအပြင် ကွင်းလယ် နံပါတ် ၁၀ နှစ်ဦး၊ နံပါတ် ၆ တစ်ဦး ပါဝင်မှာဖြစ်ပြီး အစွန်-တောင်ပံသမား ၂ ဦးက တိုက်စစ်ကို ပံ့ပိုးပေးရပါမယ်။

အင်္ဂလန်ရဲ့ ညာခြမ်း အစွန်-တောင်ပံ နေရာမှာ ထရန့်၊ ထရစ်ပီယာတို့ထဲက တစ်ဦးကို ရွေးချယ်မှာဖြစ်ကာ သူတို့ နှစ်ဦးဟာ ဘယ်ခြမ်းမှာလည်း ကစားနိုင်တယ်လို့ ဆောက်ဂိတ်က ယူဆပေမယ့် ဆာကာ၊ လုရှောတို့ထဲက တစ်ဦးကို ဘယ်ခြမ်းအတွက် ရွေးချယ်နိုင်ပါတယ်။

၃ ယောက်တန်း ခံစစ်မှာ ကွန်ဆာကို လက်တလော ရွေးချယ်ထားပေမယ့် ဂိုးမက်စ်နဲ့ လူးဝစ်ဒန့်တို့လည်း ပါဝင်ကစားပေးနိုင်တယ်လို့ ဆောက်ဂိတ်က လျာထားပါတယ်။

ယူရိုမှာ ခြေစွမ်းပြခွင့် မရဖြစ်နေတဲ့ ထရန့်ဟာ သူ့ရဲ့ နေရာဟောင်းမှာ ပြန်ပြီး တောက်ပနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။