အာဆင်နယ် ကွင်းလယ်သမား စမစ်ရိုး ကို ခေါ်ယူဖို့ ဖူလ်ဟမ် အသင်းက ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ပြီး အာဆင်နယ် အသင်းက ပယ်ချလိုက်ပြီ လို့ သိရပါတယ်။ ဖူလ်ဟမ် အသင်းဟာ ဒုတိယ အကြိမ် ကမ်းလှမ်းမှု လုပ်ဖို့ ထပ်မံ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

စပိန်ကြယ်ပွင့် နီကိုး ဝီလီယံကို ခေါ်ယူရေးမှာ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းသာ အဓိက ပြိုင်ဆိုင်ရဖွယ် ရှိပြီး ဘာစီလိုနာကတော့ ဝင်ရောက် လှုပ်ရှားဖွယ် မရှိတော့ပါဘူး။

ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ဖို့ များနေတဲ့ ဂိုးသမား ရမ်ဒယ်စ်ကို ခေါ်ယူဖို့ တန်းတက် ဆောက်သမ်တန် အသင်းက ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ် အသင်း ကွင်းလယ်လူ လိုကွန်ဂါ ဟာ ဆီဗီလာ အသင်းကို တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

ဆီဗီလာ အသင်းဟာ လိုကွန်ဂါ ရဲ့ လစာကို အပြည့်အဝ ပေးချေ သွားမှာ ဖြစ်ပြီး အငှား စာချုပ် ပြည့်ပါက ယူရို ၁၂ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်း ထားတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်း နောက်ခံလူ နူနို တာဗာရက်ဇ် ဟာ လာဇီယို အသင်းထံ ယူရို ၉ သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ် နဲ့ တရားဝင် ပြောင်းရွှေ့ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ စတင်‌နေပြီ ဖြစ်ပြီး အိုဒီဂတ်၊ တိုမီယာစု၊ ပါတေး၊ စမစ်ရိုး၊ ဂျေးဆု၊ နယ်လ်ဆင် ၊ တင်ဘာ၊ ဗီအဲရာ၊ ဘန်ဝှိုက် အစရှိတဲ့ ကစားသမားတွေ ပါဝင် လေ့ကျင့်နေကြပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဆိုစီဒက် အသင်း ရဲ့ ကွင်းလယ်လူ မီရင်နို ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ဆိုစီဒက် ဘက်ကတော့ အသက် ၂၈ နှစ် အရွယ် စပိန် လက်‌ရွေးစင် အတွက် ယူရို သန်း ၃၀ အလို ရှိနေပါတယ်။