ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေအထိ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ဒီနေ့ ဇူလိုင် ၂၉ ရက်အထိ အိမ်ထောင်စု ၄,၇၀၀ ကျော်ရှိ လူဦးရေ ၂၀,၀၀၀ နီးပါးခန့် ယာယီရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေကြီးလာမှုကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီရပ်ကွက်နဲ့ ကျေးရွာတွေအထိ ရေဝင်နစ်မြုပ်ခဲ့တယ်လို့ သာမဏေကျော် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အကူအညီလိုအပ်နေသူတွေများပြီး ကယ်ဆယ်ရေးအဖွဲ့တွေက စွမ်းနိုင်သလောက်ကူနေပေမယ့် ရေဘေးသင့် သူတွေအတွက် အစားအသောက်၊ ရေသန့်ကတော့ မနှစ်ကလို မရနိုင်တော့ဘူးလို့ ကယ်ဆယ်ရေးလုပ်နေသူ တချို့ကပြောလာပါတယ်။

လက်ရှိ ပဲခူးမြို့နယ်ထဲမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ထားကာ ရပ်ကွက်/ကျေးရွာ အုပ်စု ၁၇ စုရှိ အိမ်ထောင်စု ၄,၇၉၃ စုမှ လူဦးရေ ၁၈,၂၁၀ ဦး ရေဘေးရှောင်နေရတယ်လို့ နိုင်ငံပိုင် သတင်းစာက ဖော်ပြပါတယ်။

ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက် ကျော်လွန်ပြီး ၉၈၂ စင်တီမီတာကို ရောက်ရှိနေကာ နောက်ထပ် ၂၄ နာရီအတွင်း ၁,၀၀၇ စင်တီမီတာကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာကလည်း ပဲခူးတစ်မြို့လုံးနီးပါးရေကြီး နစ်မြုပ်မှုဖြစ်ပွားရာ နှစ်ပေါင်း (၆၀) အတွင်းအဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရခြင်းကြောင့် ထိုကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတို့ကဆို သည်။