ပြည်တွင်းမှာ ရွှေအသင်း သတ်မှတ်စျေးအတိုင်း ရောင်းချဖို့ သတိပေးထားတဲ့ ရွှေစျေးဟာ ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၆၅ သိန်းနီးပါး ရောက်ရှိနေပြီလို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရွှေဈေးကွက်ဟာ ရွှေအသင်း သတ်မှတ်စျေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်တာကြောင့် မှောင်ခိုစျေးဖြစ်လာနေပြီး ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်လာခဲ့ကာ စျေးကွက်ပျောက်ဆုံးလာခဲ့တာပါ။
ယခင် ရွှေအပေါ် ရင်းနှီးမြုပ်နှံသူတွေက ပြည်တွင်းရွှေဆိုင်တွေရဲ့ ပွင့်လင်းမှုမရှိခြင်း၊ အခဲနဲ့ ၁၆ ပဲရည်တွေကို ထုတ်ရောင်းခြင်းမရှိဘဲ အထည်တွေကို အလျော့တွက် အများအပြားဖြင့် ရောင်းချခြင်းတွေကြောင့် ရွှေစျေးကွက်ကို ကျောခိုင်းပြီး နိုင်ငံခြားငွေကြေးတွေဘက် ဦးလှည့်လာတာပါ။
ဒါကြောင့်ပဲ ဝယ်လိုအားမြင့်တက်နေတဲ့ အမေရိကန် တဒေါ်လာဟာ လက်ရှိမှာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေပါတယ်။
ဈေးကွက် သဘောတရားအရ ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအတက်အကျပေါ် မူတည်တာဖြစ်တာကြောင့် ကမ္ဘာ့ရွှေ မတက်ပေမယ့် ဒေါ်လာစျေးအတက်မှာ ပြင်ပရွှေပေါက်စျေးတွေ မြင့်တက်လာခြင်းဖြစ်ပါတယ်။
လက်ရှိမှာ ပြင်ပရွှေစျေး ကျပ်သိန်း ၇၀ နားကပ်လာပေမယ့် အလုပ်ဖြစ်မှုနဲ့ စိတ်ဝင်စားမှု နည်းပါးပြီး ဒေါ်လာနဲ့ နိုင်ငံခြားငွေ ဝယ်လိုအားတွေ ဆက်တိုက် မြင့်တက်နေတာပဲ ဖြစ်ပါတယ်။