“အောင်မြင်မှုဟာ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားရုံနဲ့ ရောက်မလာဘူး” လို့ ပြင်သစ် အိုလံပစ်ပြိုင်ပွဲမှာ တူရကီအတွက် ပထမဆုံး သမိုင်းဝင်ဆုတံဆိပ်ဖြစ်တဲ့ ငွေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သူ ယူဆွတ် ဒစ်ကတ်က ပြောပါတယ်။

ယူဆွတ်ရဲ့ ရိုးရှင်းတည်ငြိမ်တဲ့ ပြိုင်ပွဲဝင်စတိုင်နဲ့ ပြိုင်ဖက်အသင်းသားတွေရဲ့ အကျအန ပြင်ဆင်ထားတဲ့ ဝတ်စားဆင်ယင်မှုတွေ ကွာခြားနေတဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ဟာသတွေဖန်တီးပြီးပြောဆိုနေကြပါတယ်။

ပြိုင်ပွဲတလျှောက် စိတ်အေးလက်အေး ထိန်းထားနိုင်တဲ့အပေါ် မေးတဲ့အခါမှာတော့ အသက် ၅၁ နှစ်အရွယ် ယူဆွတ်က “ကျွန်တော်က သဘာဝကျကျပဲနေတတ်ပြီး ရိုးရှင်းတဲ့ သေနတ်ကစားသမားပါ” လို့ တုံ့ပြန်ဖြေဆိုလိုက်ပါတယ်။

“သေနတ်ပစ်မျက်မှန်မတပ်ဘူးလား၊ အထူးဖိနပ်မစီးဘူးလား ဆိုပြီး ဒိုင်လူကြီးတွေက တစ်ခါတလေ မေးတတ်ကြတယ်ဗျာ။ မတပ်ဘူး၊ ကျွန်တော်က မွေးရာပါသေနတ်သမားပါလို့ ပြန်ဖြေတဲ့အခါ ကျွန်တော်တို့အားလုံး ရယ်မိကြရော” လို့ သူက ပြောပါတယ်။

ဘောင်းဘီအိတ်ထဲကို လက်တစ်ဖက်ထည့်ထားတယ်ဆိုတာဟာ စိတ်အေးလက်အေးရှိနေတဲ့ပုံပေါက်နေတာမဟုတ်ဘဲ သေနတ်သမားတွေ ဟန်ချက်ပိုညီအောင် လုပ်တဲ့သဘောပဲဖြစ်ပါတယ်။

ဒီကတ်ရဲ့ သေနတ်ပစ်ကျွမ်းကျင်မှုဟာ အားကစားသမားအတွေ့အကြုံကြောင့်မဟုတ်ဘဲ စစ်သည်တစ်ဦးဖြစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ သူက တူရကီလက်နက်ကိုင်တပ်ဖွဲ့က အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးဖြစ်ပါတယ်။

၂၀၂၄ အိုလံပစ်မှာ ငွေတံဆိပ်ဆုရရှိခဲ့တဲ့ ဒီကတ်ဟာ အသက် ၂၈ နှစ်အရွယ်မှာ အားကစားလောကကိုရောက်လာခဲ့ပြီး ပြင်သစ်အိုလံပစ်က သူ့ရဲ့ ပဥ္စမမြောက် အိုလံပစ်ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ သူဟာ ဥရောပချန်ပီယံခုနစ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။

ကျန်းမာရေးကောင်းနေဦးမယ်ဆိုရင်တော့ ၂၀၂၈ ခုနှစ်မှာ လော့စ်အန်ဂျလိစ်မှာပြုလုပ်မယ့် နွေရာသီအိုလံပစ်မှာ ဝင်ပြိုင်ချင်သေးတဲ့အကြောင်း သူက ပြောဆိုထားပါတယ်။