အာဆင်နယ် တိုက်စစ်မှုး ဘူကာယို ဆာကာဟာ အသင်း အကယ်ဒမီကနေ အတူတူ ထွက်ပေါ်လာခဲ့ပြီး အာဆင်နယ် ပထမအသင်းထဲမှာ အတူတူ ကစားခဲ့တဲ့ သူငယ်ချင်းလည်းဖြစ် အသင်းဖော်လည်းဖြစ်တဲ့ စမစ် ရိုး အား နှုတ်ဆက်ရင်း အသင်းသစ် ဖူလ်ဟမ်မှာ တောက်ပပြဖို့ တောင်းဆိုခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဖူလ်ဟမ်ကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အသက် ၁၀ နှစ်ကတည်းက အသင်း အကယ်ဒမီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လူငယ်အသင်းအဆင့်ဆင့် တက်လှမ်းပြီးနောက် အာဆင်နယ် စီနီယာအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၁၅ ပွဲအထိ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

စမစ် ရိုးနဲ့ ဆာကာတို့ဟာ တစ်ချိန်တည်းမှာပဲ ပထမအသင်းထဲမှာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်က အာတီတာရဲ့ စီမံကိန်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

စမစ် ရိုးထွက်ခွာသွားမှုနဲ့ပတ်သက်ပြီး ဘူကာယို ဆာကာက အင်စတာဂရမ်ပေါ်မှာ ဝမ်းနည်းကြေကွဲဖွယ် နှုတ်ဆက်စာတစ်စောင်ကို ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ “ဟေးအမ်းအကယ်ဒမီကနေ အမ်းမရိတ်စ်ဆီ ငါတို့ရဲ့ ခရီးလမ်းတလျှောက်က အမှတ်တရအားလုံးက လုံးဝကို စိတ်ကျေနပ်ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။ တောက်ပပြလိုက်ပါ ဘရို”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ စမစ် ရိုးအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ရရှိသွားမှာဖြစ်ပြီး ၎င်းဟာ အာတီတာ လက်အောက်မှာ မရခဲ့တဲ့ ပုံမှန်ပွဲထွက်ကစားချိန်အား အသင်းသစ်မှာ ရရှိသွားတော့မှာ ဖြစ်ပါတယ်။