အာဆင်နယ်အသင်းအနေနဲ့ ဘယ်သူမှ မစွမ်းဆောင်နိုင်တဲ့ ပရီးမီးယားလိဂ် စံချိန်ကောင်းတစ်ခုကို ဒီရာသီမှာ ပိုင်ဆိုင်သွားနိုင်ဖွယ် ရှိတယ်လို့ လီဗာပူးလ် ဂန္ထဝင် နောက်ခံလူ ဂျင်မီ ကာရေဂါက အားပေးထောက်ခံခဲ့ပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ၅ နှစ်ဆက်တိုက် ရမှတ်ဒါမှမဟုတ် အဆင့်ရပ်တည်မှု တိုးတက်လာတဲ့ ပထမဆုံး အသင်းအဖြစ် စံချိန်တင်နိုင်ဖို့လည်း မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ၂၀၂၁ မှာ ၆၁ မှတ်နဲ့ အဆ့င် ၈၊ ၂၀၂၂ မှာ ၆၉ မှတ်နဲ့ အဆင့်၅၊ ၂၀၂၃ မှာ ၈၄ မှတ်နဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ၈၉ မှတ် အထိရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၅ နှစ်ဆက်တိုက် အမှတ်ရရှိမှုနဲ့ အဆင့်ရပ်တည်မှု တိုးတက်လာတဲ့ အသင်း တစ်သင်းမှ မရှိခဲ့ဖူးဘဲ ဒီရာသီမှာသာ အာဆင်နယ်တို့ ၈၉ မှတ်အထက် ရယူနိုင်မယ်ဆိုရင် အဲဒီစံချိန်ကို ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ကာရေဂါက “အာဆင်နယ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ဘယ်အသင်းကမှ ၅ နှစ်ဆက်တိုက် အဆင့်ရပ်တည်မှု ပိုတိုးတက်လာမျိုး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အာဆင်နယ်အသင်းက ၄ ရာသီဆက်တိုက် လုပ်ပြနိုင်ခဲ့ပြီး မနှစ်ကထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနိုင်ဖို့ဆိုရင် တော်တော်လေး ကြိုးစားရုန်းကန်ရမှာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ရာသီဆက်တိုက် မန်စီးတီးရဲ့နောက် အဆင့် ၂ နေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးကွာနေတာ နှစ်ပေါင်း ၂၀ အထိရှိလာပါပြီ။

အခုလောလောဆယ် အာဆင်နယ်အသင်းဟာ ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းတိုက်စစ်ကစားသမား မီခေးလ်မာရီနိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်သလို လက်ရှိကစားသမားအစုအဖွဲ့အရ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်း လွှမ်းမိုးထားမှုကို အဆုံးသတ်ပြီး ဒီရာသီ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။