မနေ့က ကာဇက်စတန်နဲ့ UEFA Nations League ပွဲမှာ နော်ဝေအသင်း နဲ့ ပရီးမီးယားလိဂ် နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ စီးတီး တိုက်စစ်မှုး ဟာလန်း တို့ဟာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး ပြစ်တင်ခံနေရပါတယ်။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲသာကစားရပြီးချိန်မှာပဲ ဟက်ထရစ် ၂ ကြိမ်အထိရရှိခဲ့သလို စုစုပေါင်း ၇ ဂိုးအထိ သွင်းယူပြီး ပြိုင်ဘက်တွေ တားဆီးလို့မရတဲ့ တိုက်စစ်မှူးဖြစ်နေပေမဲ့ နော်ဝေအသင်းမှာတော့ ဆန့်ကျင်ဘက်အနေအထားဖြစ်ခဲ့ပါတယ်။
ဖီဖာကမ္ဘာ့အဆင့် ၁၀၉ နေရာမှာသာ ရပ်တည်နေရသလို နောက်ဆုံး ၄ ပွဲဆက်တိုက်ရှုံးခဲ့တဲ့ ကာဇက်စတန်လိုအသင်းမျိုးနဲ့ပွဲမှာ ဟာလန်းဟာ ခြေစွမ်းမပြနိုင်ဘဲ ဂိုးပေါက်ကန်ချက် ၄ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှတောင် မရှိခဲ့ပါဘူး။
အိုဒီဂတ်ကလည်း ကလပ်မှာလောက် ခြေစွမ်းမပြနိုင်ဘဲ ဂိုးဖန်တီးမှု မလုပ်နိုင်ခဲ့လို့ နော်ဝေအသင်း နည်းပြဟောင်းကြီး အီဂေးလ်အော်လ်ဆင်က သူတို့နှစ်ဦးကို ဒေါသတကြီးဝေဖန်ပြစ်တင်ခဲ့ပါတယ်။
နော်ဝေအသင်းသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရသူ အီဂေးလ်အော်လ်ဆင်က အခုလို ပြောဆိုခဲ့တာပါ။
“ကျွန်တော်တို့အသင်းမှာ ကမ္ဘာ့အဆင့်ကစားသမား ၂ ဦးပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဟာလန်းရဲ့ခြေစွမ်းက ကံဆိုးစွာနဲ့ပဲ ပုံမှန်အောက်သာ ရှိခဲ့ပါတယ်။
ကျွန်တော် ကြည့်ဖူးသမျှထဲမှာ ဟာလန်းရဲ့စွမ်းဆောင်ရည်က ဒီပွဲမှာ အဆိုးဆုံးပါပဲ။ အိုဒီဂတ် ကတော့ ပွဲချိန်အတွင်း တစ်ခါတလေ ပုံစံကောင်းပြနိုင်ခဲ့ပေမဲ့ အခုထက် ပိုကောင်းသင့်ပါတယ်။
ကာဇစတန်လိုအသင်းမျိုးနဲ့ပွဲမှာ ၁ မှတ်သာရခဲ့တာက ဆိုးရွားလွန်းပါတယ်။ အုပ်စုတွင်းမှာ တခြားအသင်းတွေဟာ ကာဇက်စတန်ကို ဘယ်သူမှ အမှတ်ခွဲပေးကြမှာ မဟုတ်ပါဘူး”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ကာဇက်စတန်နဲ့ပွဲအပြီး Rating သတ်မှတ်ချက်မှာ ဟာလန်းက 2/10 သာရရှိခဲ့တဲ့အပြင် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ကလည်း 4/10 သာ ရခဲ့ပါတယ်။