လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ တော့တင်ဟမ် စပါး အသင်းနဲ့ ရင်ဆိုင်ကစားရမဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အား ကြီးကြပ်လာမဲ့ ကွင်းလယ်ဒိုင်လူကြီးအား သိခွင့်ရရှိပြီးနောက် အာဆင်နယ်ပရိသတ်များဟာ ဘောလုံး ရာသီအား ဖျက်သိမ်းရန်အထိ ပြောဆိုကာ ဒေါသထွက် စိတ်ပျက်နေကြပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ဘရိုက်တန်နှင့် ၁ ဂိုးစီသရေကျပြီးနောက် ယခု မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အဓိက ကစားသမားအချို့ မပါဝင်ဘဲ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်မှာ ဘရိုက်တန်နှင့်ပွဲစဉ်မှ အနီကတ်ကြောင့် စပါးစ်နှင့် ပွဲစဉ်ကို လွဲချော်လာပါမယ်။ ကစားသမားသစ်မီခေးလ် မီရီနိုမှာလည်း ကလပ်နှင့် ပြုလုပ်တဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပင် ပုခုံးဒဏ်ရာရရှိကာ ရက်သတ္တပတ်အတန်ကြာ နားရပါမယ်။
အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်မှာလည်း နော်ဝေအတွက် ကစားစဉ် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီတွင်ပင် ခေါ်ယူထားတဲ့ အီတလီနောက်ခံလူ ရီကာဒို ကာလာဖီအိုရီမှာလည်း အီတလီအတွက် ကစားစဉ် ဒဏ်ရာရရှိကာ နုတ်ထွက်ထားရပါတယ်။
ဒီလို အခြေအနေမျိုးတွင် မီခေးလ်အာတီတာဟာ ကစားသမားသစ် ရာဟမ်းစတာလင်းကိုပါ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရနိုင်ပါတယ်။
ဒါပေမဲ့ ပရိသတ်တွေကတော့ တနင်္ဂနွေနေ့ည ပွဲစဉ်တွင် ကြီးကြပ်လာမဲ့ ဒိုင်လူကြီးကြောင့် အသင်းအတွက် ပိုမိုစိုးရိမ်နေကြပါတယ်။
စပါးနဲ့ အာဆင်နယ်တို့ ရင်ဆိုင်မဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဂျာရတ်ဂေးလ်လက် ကိုင်တွယ်လာမှာ ဖြစ်လို့ ဖြစ်ပါတယ်။
ဂေးလ်လက်ဟာ အာဆင်နယ်နှင့် ရာဇဝင်ရှိခဲ့ဖူးတဲ့ ဒိုင်လူကြီး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဗီလာကို အာဆင်နယ်တို့ ၁-၀ ဂိုးဖြင့် အနိုင်ရသွားတဲ့ပွဲကို ကြီးကြပ်ဖူးပါတယ်။
ဒီဇင်ဘာလက ကစားတဲ့ ယင်းပွဲတွင် ဗီလာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဂျွန်မက်ဂင်းက သွင်းယူခဲ့တာပါ။
ဒါပေမဲ့ အာဆင်နယ်ပရိသတ်များက ဗီလာဧရိယာအတွင်းတွင် ဂါဘရီရယ်ဂျေဆူးကို ဒေါက်ကလပ်လူးဝစ်ဇ်က ပြစ်ဒဏ်ဘော ကျူးလွန်မှုအတွက် ပင်နယ်တီ ရရှိခဲ့သင့်တယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။
ယင်းအဖြစ်အပျက် ဖြစ်ပျက်ပြီးနောက် မကြာမီမှာ ကိုင်ဟာဗတ်ဇ်က ချေပဂိုးသွင်းခဲ့ပေမဲ့ ဂေးလ်လက်က လက်ထိဘောဖြစ်တယ်ဆိုပြီး ချေပဂိုးကို မပေးခဲ့ပြန်ပါဘူး။
အနှေးပြကွက်အရ ကိုင်ဟာဗတ်ဇ်ရော ကက်ရှ်ပါ ဘောလုံးနှင့် လက်နဲ့ မထိခဲ့ပါဘူး။ ယင်းအချိန်တွင် VAR ကလည်း ကြားဝင်ဖြေရှင်းလာခြင်းမရှိဘဲ ဂေးလ်လက်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူခဲ့ပါတယ်။
ယခု အာဆင်နယ်ပရိသတ်များဟာ လာမယ့် မြောက်လန်ဒန်ဒါဘီပွဲကို ဂေးလ်လက် ကိုင်တွယ်ရန် ချမှတ်လာမှုအပေါ် စိုးရိမ်နေကြပြီ ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “ရာသီကိုသာ ဖျက်သိမ်းလိုက်ပါတော့ဗျာ”လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ဂါဘရီရယ် အနီကတ်ထိ။ ပြီးရင် စပါးစ်တို့ ပင်နယ်တီရပေါ့ဗျာ”လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “တနင်္ဂနွေနေ့မှာပဲ ရာသီဇာတ်သိမ်းပြီထင်တယ်”လို့ ဆိုသွားပါတယ်။