အာဆင်နယ်နည်းပြ မီခေးလ်အာတီတာဟာ မနေ့က ကြာသပတေးနေ့မှာပဲ အမ်းမရိတ်တွင် ၂၀၂၇ ခုနှစ်အထိ ရှိနေမဲ့ သုံးနှစ်စာချုပ်သစ်အား ချုပ်ဆိုခဲ့ပါတယ်။

အာတီတာရဲ့ ယခင်စာချုပ်က ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၎င်းတို့ဟာ အနာဂတ်နှင့်ပတ်သက်ပြီး မရေမရာမှုအား စောစီးစွာ ဖြေရှင်းလာတာလည်း ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းအရ အာတီတာဟာ စာချုပ်သစ်ကြောင့် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာလောက် နီးနီး လုပ်ခရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။

အာတီတာဟာ ယခင်စာချုပ်တုန်းက တစ်နှစ်လုပ်ခ ပေါင် ၉ သန်း ရရှိခဲ့တာ ဖြစ်ပြီး ပက်ဂွါဒီယိုလာမှာ မန်စီးတီးမှာ တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀ ရရှိနေတာပါ။ အာတီတာဟာ စာချုပ်သစ်ကြောင့် တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းအထိ ရရှိလာမှာ ဖြစ်ပါတယ်။

စာချုပ်သစ် ချုပ်အပြီးမှာ အာတီတာက”အရမ်းဂုဏ်ယူတယ်၊ အရမ်းလည်း စိတ်လှုပ်ရှားတယ်။ ပြီးတော့ ရှေ့ဖြစ်လာမဲ့အရာတွေလည်း စိတ်လှုပ်ရှားနေတယ်။ လူကောင်းတွေနဲ့ နေ့တိုင်း အလုပ်လုပ်ခွင့်ရတာ တကယ်ပဲ ကံကောင်းလှတယ်။

ဒီမှာ ရှိတဲ့သူတွေက ရည်မှန်းချက်ကြီးကြတယ်။ အရမ်းလည်း စိတ်ကြွကြတယ်။ စိန်ခေါ်မှုလည်း ခံစားရတယ်။ အားပေးထောက်ခံမှုရတယ်လို့လည်း ခံစားရတယ်။ ကျွန်တော်တို့ အတူတကွ လုပ်ပြခဲ့တာတွေထက် ပိုလုပ်ပြချင်တယ်”လို့ ပြောကြားသွားပါတယ်။

အာတီတာဟာ မန်စီးတီးတွင် ဂွါဒီယိုလာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ အူနိုင်းအမ်မရီနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။

သူဟာ ၂၀၁၉-၂၀ ရာသီအကုန်မှာ အက်ဖ်အေဖလား ရရှိအောင် စွမ်းဆောင်ခဲ့ပြီး နည်းပြဘဝ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီမှာတော့ အာတီတာဟာ အာဆင်နယ်ကို ချန်ပီယံ မန်စီးတီးအောက် ဒုတိယနေရာမှာ ဆက်တိုက် ရပ်တည်နိုင်အောင် ဦးဆောင်ခဲ့ပါတယ်။ အာတီတာဟာ ယင်းနှစ်ရာသီလုံး ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လုနီးပါး ဖြစ်ခဲ့တာပါ။

အာဆင်နယ်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ အပြီးမှာ ရ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

အာတီတာဟာ ကစားသမားဘဝတုန်းက အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ပွဲ ၁၅၀ ကစားပေးခဲ့ပါတယ်။