ဒီအပတ် ကလပ်ပွဲတွေ ပြန်စတင်ချိန်မှာ တော့တင်ဟမ် စပါးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့တဲ့ မြောက်လန်ဒါဘီ ပွဲကောင်းက ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ စပါးကွင်းသို့ သွားပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ကာ ပွဲကတော့ တနင်္ဂနွေနေ့ည ၇နာရီခွဲမှာ ဖြစ်ပါတယ်။
နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက စပါးနဲ့ အာဆင်နယ် တို့ လန်ဒန်ဒါဘီပွဲ အတွက် အခုလို ခန့်မှန်းလိုက်ပါတယ်။
” ပရီးမီးယားလိဂ်မှာ မြောက်လန်ဒန်ဒါဘီပွဲက ကြီးမားတဲ့ ပွဲစဉ်ပါ။ အိုဒီဂတ် မပါနိုင်တာက အာဆင်နယ်အတွက် သတင်းဆိုး ဖြစ်ပြီး စပါးအတွက်တော့ သတင်းကောင်းပေါ့။
အာဆင်နယ်က ရိုက်စ်နဲ့ အိုဒီဂတ်ဆိုတဲ့ အဓိက ကစားသမား နှစ်ဦး မပါဘဲ ယှဉ်ပြိုင်ရမှာဟာ ခက်ခဲပါလိမ့်မယ်။
ဒီပွဲအတွက် ဆိုလန်ကီ ကြံ့ခိုင်နေမယ်လို့ ထင်ပါတယ်။ ဒါဘီပွဲမျာ သူ့ဘာသာ မိတ်ဆက်ရတာက သိပ်ကောင်းတဲ့ နည်းလမ်းနဲ့မိတ်ဆက်ခြင်းပါပဲ။ ဒီပွဲမှာ အရေးပါတဲ့ အချက်က စပါးတို့ တိုက်စစ်ပိုင်းမှာ တိုးတက်လာနေတာပဲ ဖြစ်ပါတယ်။
ဒီလို ဒါဘီပွဲတွေက အမြဲတမ်း အကျိတ်အနယ်ရှိပါတယ်။ အာဆင်နယ်မှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကြောင့် နှစ်သင်းကြား သိပ်ကြီး ကွာသွားမယ် မထင်ဘူး။ ဒီပွဲက သရေ ရလဒ် ထွက်ပေါ်မယ် ထင်မိပါတယ်။ ” လို့ ရှီးယားက သုံးသပ် ခန့်မှန်းထားပါတယ်။