ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အာဆင်နယ်အတွက် အများကြီး စကားပြောမယ့်ပွဲပါ။ သူတို့က အခုချိန်ကစပြီး အမှားတွေ လုပ်မိလို့ မရတော့ပါဘူး။ သူတို့ ဆက်တိုက်အနိုင်ရဖို့ လိုနေပြီဖြစ်ပါတယ်။

ဖောရက်စ်က အိမ်ကွင်းထက် အဝေးကွင်း ပိုကောင်းနေတဲ့ အသင်းပါ။ နယူးကာဆယ်ကို ရှုံးလိုက်တာကြောင့် သူတို့ အရှိန်စနှေးလာဖွယ် ရှိနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူတွေက ဖောရက်စ်အတွက် ဆိုရင် တောင့်တင်းလွန်းပါတယ်။ အိုဒီဂတ်၊ ပါတေးတို့က ဖောရက်စ် ကွင်းလယ်ကို လွှမ်းမိုးကစားနိုင်တယ်။ ဖောရက်စ်ဘက်က ကောင်တာကပဲ အခွင့်အရေး ပြန်ချောင်းရမှာပါ။ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ကို ခရစ်ဝုဒ် ဒုက္ခပေးနိုင်မလားတော့ မသေချာဘူးပေါ့လေ။

အာဆင်နယ်က ၆ ပွဲ ၇ ပွဲလောက် ဆက်တိုက် နိုင်တော့မှာပါ။ ပန်းခင်းလမ်း စပါပြီ။ ဒီပွဲက အဲ့လို နိုင်ပွဲတွေရဲ့ အစပဲ ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်အတွက် လွယ်ကူတဲ့ ပွဲစဉ်ဇယားတွေ စတင်လာနေပါပြီ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၁ ဖောရက်စ် ဖြစ်ပါတယ်။