အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့ညတွင် စပို့တင်းလစ္စဘွန်းကို ပေါ်တူဂီမြေတွင် ကြီးမားတဲ့ နိုင်ပွဲ မှတ်တမ်း ရယူပြီး ချန်ပီယံလိဂ်ကြေညာချက် ပြုလုပ်ရန် ကစားသမားများကို တိုက်တွန်းလာပါတယ်။
အာဆင်နယ်ဟာ စနေနေ့တုန်းက နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၄ ပွဲတွင် ၂ ပွဲအနိုင်ရထားပေမဲ့လည်း အဝေးကွင်း ၂ ပွဲလုံး အနိုင်ရခြင်း မရှိသလို ဂိုးသွင်းနိုင်ခြင်းလည်း မရှိပါဘူး။
၎င်းတို့ဟာ နောက်ဆုံးချန်ပီယံလိဂ်ပွဲတုန်းက အင်တာမီလန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
အာတီတာက “ကျွန်တော်တို့ သေချာပေါက် တိုးတက်အောင် လုပ်ရမဲ့အရာပေါ့။ ကျွန်တော်တို့ မှန်ကန်တဲ့ခြေလှမ်းတွေ လှမ်းနိုင်ခဲ့တယ်လို့ ထင်တယ်။ အင်တာမီလန်နဲ့ ပွဲမှာ ကစားပုံကို ကြည့်လိုက်ပါ။
ပြိုင်ဘက်က သူတို့လိဂ်ကို လွှမ်းမိုးထားတဲ့အသင်းပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ခဲ့တဲ့အသင်းလည်း ဖြစ်တယ်။ ဖလား ရခဲ့သင့်တဲ့ အသင်းလည်း ဖြစ်တယ်။ ဒီလိုအသင်းမျိုးကို လွှမ်းမိုးကစားနိုင်ခဲ့တယ်။ တကယ်တမ်း မှာတော့ ကျုပ်တို့ အနိုင် ရအောင် လုပ်နိုင်ခဲ့ရမယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။
ဒီလိုလှမ်းခဲ့တဲ့ ခြေလှမ်းတွေက နောက်လှမ်းမဲ့အရာတွေအတွက် တွန်းအားပါ။ ပြိုင်ဘက်ဧရိယာအတွင်းမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့ လိုတယ်။ ဒီကနေ သုံးမှတ်ယူပြီး အိမ်ပြန်နိုင်ဖို့ လုပ်ရမယ်”လို့ ပြောကြားသွားပါတယ်။
စပို့တင်းလစ္စဘွန်းဟာ ရူဘင်အေမိုရမ် လက်ထက်တုန်းက ချန်ပီယံလိဂ်နောက်ဆုံးပွဲတွင် မန်စီးတီးကို ၄-၁ ဖြင့် အနိုင်ယူထားတဲ့အသင်း ဖြစ်ပါတယ်။
ရူဘင်အေမိုရမ် ယူနိုက်တက်သို့ ထွက်ခွာသွားပြီးနောက် စပို့တင်းလစ္စဘွန်းကို အရန်အသင်းနည်းပြဟောင်းဂျာအိုပီရီရာက ကိုင်တွယ်နေပါတယ်။ စပို့တင်းလစ္စဘွန်းဟာ ယခုရာသီအတွင်း ၁၇ ပွဲနိုင်ကာ ၁ ပွဲသရေကျထားပြီး ရှုံးပွဲမရှိသေးတဲ့အသင်း ဖြစ်ပါတယ်။
ဆက်လက်ပြီး အာတီတာက “ကျွန်တော်တို့ ကြုံနေရတဲ့ ကြီးကျယ်တဲ့ စိန်ခေါ်မှုပါ။ ဒီကို လာပြီး ကြေညာချက်လုပ်ရမယ်။ ဒီလို ပြိုင်ဘက်မျိုးကို ဘာလုပ်နိုင်တယ်ဆိုတာ ပြသရမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်။ ပွဲကို အနိုင်ယူရမယ်”လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ရဲ့ လူစာရင်းတွင် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် တံကောက်ကြော ဒဏ်ရာ ရရှိပြီးနောက် အနားယူလာခဲ့ရတဲ့ ဘယ်နောက်ခံလူ ကီရန်တီယာနေးလည်း ပါဝင်လာပါတယ်။