ခါရာဘောင်ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်မဲခွဲမှု ပြုလုပ်ခဲ့ရာ လက်ရှိ ချန်ပီယံ လီဗာပူးဟာ စပါးစ်နှင့် ထိပ်တိုက်တွေ့နေပြီး အာဆင်နယ်မှာ နယူးကာဆယ်နှင့် ရင်ဆိုင်ကစားရပါမယ်။

အာဆင်နယ် အသင်းဟာ ပထမအကျော့ကို အမ်းမရိတ်မှာ ကစားရမှာ ဖြစ်ပြီး ဒုတိယအကျော့ကို စိန့်ဂျိမ်းစ်ပါ့ခ်သို့ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးဟာ ခါရာဘောင်ဖလားကို ၁၀ ကြိမ်အထိ စံချိန်တင်ဆွတ်ခူးထားတာ ဖြစ်ပြီး ပထမအကျော့အဖြစ် Tottenham Hotspur Stadium သို့ သွားရောက်ကာ စပါးစ်ကို ရင်ဆိုင်ရမှာ ဖြစ်ကာ ဒုတိယအကျော့ကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

လက်ရှိ မဲခွဲမှုအရ ခါရာဘောင်ဖလားဗိုလ်လုပွဲမှာ‌ မြောက်လန်ဒန်ဒါဘီပွဲ ကြုံတွေ့လာနိုင်တဲ့အနေအထားမှာလည်း ရှိနေပါတယ်။

စပါးစ်နှင့် အာဆင်နယ်တို့ဟာ ပြည်တွင်းအဓိကဖလားဗိုလ်လုပွဲမှာ တစ်ကြိမ်မျှ ထိပ်တိုက်တွေ့ဖူးခြင်း မရှိပါဘူး။ ဒါပေမဲ့ ၎င်းတို့ဟာ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ ၄ ကြိမ်တိတိ ဆုံတွေ့ဖူးပါတယ်။

စပါးစ်ဟာ မနေ့ညတုန်းက အိမ်ကွင်းမှာ ယူနိုက်တက်ကို ၄-၃ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလား ဆွတ်ခူးရေးအိပ်မက်ဆက်လက် ရှင်သန်နေတာလည်း ဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ ယူနိုက်တက်ဟာ စပါးစ်ဂိုးသမားအမှားကြောင့် ၂ ဂိုးရခဲ့သလို စပါးစ်ဟာလည်း ယူနိုက်တက်ဂိုးသမားအမှားကြောင့် တစ်ဂိုးရခဲ့ပါတယ်။

ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာ ကစားမှာ ဖြစ်ပြီး ဒုတိယအကျော့ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကစားပါမယ်။

ခါရာဘောင်ဖလားဗိုလ်လုပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဝင်ဘာလေကွင်းမှာ ကစားသွားပါမယ်။