နည်းပြ မီခေးလ်အာတီတာက အာဆင်နယ် အသင်း နည်းပြ အဖြစ် စတင် တာဝန်ယူတုန်းက ကြောက်လန့်တုန်လှုပ်ခဲ့ရကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အာတီတာဟာ သောကြာနေ့တုန်းက အာဆင်နယ်မန်နေဂျာရာထူးကို တာဝန်ထမ်းဆောင်တဲ့ ငါးနှစ်ပြည့်ခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိ အာတီတာဟာ ထိုစဉ်တုန်းက မန်စီးတီးမှာ ပက်ဂွါဒီယိုလာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၀ နေရာမှာ ရပ်တည်နေရပြီးနောက် ထုတ်ပယ်ခံရတဲ့ အူနိုင်းအမ်မရီနေရာမှာ အစားထိုးခန့်အပ်ခံရတာပါ။

အာတီတာက “ဘယ်သူ့ကိုမှ စိတ်မပျက်ရအောင် လုပ်ချင်ရုံပါ။ ဒါကိုပဲ လုပ်ခဲ့တယ်။ ကျွန်တော် အရမ်းကြောက်လန့်နေခဲ့တယ်။ ထိပ်တန်းအဆင့်မှာ ဘယ်အသင်းကိုမှ နည်းပြမဖူးဘူး။ ရာသီဝက်မှာ ကိုင်တွယ်ရတယ်။ ဘာပြင်ဆင်မှုမှ မရှိဘူး။ နည်းပြအဖွဲ့ဝင်တစ်ဦးမှလည်း မရှိဘူး။ အဲဒီလို အချိန်မျိုးမှာ ဒီအံ့ဩစရာကောင်းပြီး ကြီးမားတဲ့အလုပ်တာဝန်ပေးခံရတယ်”လို့ ပြောကြားသွားပါတယ်။

အာတီတာဟာ အာဆင်နယ်ကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။

ယင်းနောက် အာတီတာဟာ ၂၀၂၁-၂၂ ရာသီမှာ အာဆင်နယ်ကို အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ပြီးနောက် နောက်ဆုံး ၂ ရာသီမှာတော့ ချန်ပီယံဆုအား စိန်ခေါ်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အာတီတာက အာဆင်နယ်နည်းပြအစတုန်းက သူ့အဓိကထား လုပ်ဆောင်ခဲ့တဲ့အရာများထဲတွင် ကလပ်ရဲ့ ယဉ်ကျေးမှုကို ပိုကောင်းလာအောင် လုပ်ဆောင်မှုလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း ဆိုသွားပါတယ်။

အာတီတာက “အောက်ခြေက စလုပ်တယ်။ ကျွန်တော် အလုပ်ပေးတဲ့ လူတိုင်းကို ဘောလုံးကလပ်မှာ အလုပ်လုပ်ခွင့်ရလို့ ဘယ်လို ခံစားရလဲ မေးတယ်။ ဒါက လုံးဝ ပြောင်းလဲရမယ့်အရာပါ။

ဒါက ကလပ်ရဲ့ ရေသောက်မြစ်ဆိုတော့ အရမ်းအရေးကြီးတယ်။ ရေသောက်မြစ် ရှင်းရှင်းလင်းလင်း ဖြစ်လာအောင် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ မှန်ကန်တဲ့အစီအစဉ်ဖြစ်အောင် လုပ်ရတယ်။

ဖန်တီးနိုင်ဖို့ မှန်ကန်တဲ့နေရာဖြစ်အောင် လုပ်ရတယ်။ ကျွန်တော်တို့ တည်ဆောက်ချင်သလိုမျိုး ဖြစ်လာအောင် တည်ဆောက်ခဲ့ရတယ်”လို့ ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာ ယနေ့ညမှာ လန်ဒန်မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။