ရန်ကုန်ဘူတာကြီးမှတစ်ဆင့် နေ့စဉ်ပြေးဆွဲနေသည့် DEMU စပိန်ရထားပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်ပြီး တစ်နေ့လျှင်တစ်ကြိမ် အင်းစိန်မှရန်ကုန်၊ ရန်ကုန်မှအင်းစိန်အထိသာပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း စံတော်ချိန်သတင်းစာနှင့် မေးမြန်းမှုမှာ ရန်ကုန်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က DEMU စပိန်ရထားပြေးဆွဲမှုကို ရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီခွဲတွင်တစ်ကြိမ်၊ ညနေ ၄နာရီခွဲတွင်တစ်ကြိမ်၊ တစ်နေ့လျှင်နှစ်ကြိမ် ရထားနှစ်စီး ဖြင့်ပြေးဆွဲပေးခဲ့သော်လည်း ယခုအခါပြေးဆွဲမှုများကို ရပ်ဆိုင်ပြီး RBE ရထားများဖြင့်အစာထိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
” ရန်ကုန်ဘူတာကြီးကနေ ပြေးဆွဲမှုကို ရပ်ဆိုင်လိုက်တာပါ။ အဲဒီအစားအင်းစိန်ကနေတော့ တစ်နေ့တစ်ခေါက်တော့ ပြေးဆွဲပေးမယ်။ အင်းစိန်ကနေ လက်ယာရစ်အတိုင်းညနေ ၄ နာရီခွဲစထွက်မယ်။ ရန်ကုန်ဘူတာကြီးထိ၊ ဘူတာကြီးကနေ လက်ဝဲရစ်အတိုင်းပြန်ထွက်လာပြီး အင်းစိန်မှာ ခရီးစဉ်ပြီးဆုံးပါတယ် “ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ စပိန်ရထားပြေးဆွဲမှုအား မည်သည့်အကြောင်းအရင်းကြောင့်ကိုမူ ပြော၍ မရကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဖြစ်နိုင်ချေရှိတဲ့ သတင်းကတော့ အဲကွန်းတွေ စဆွဲရာမှာ ကုန်စိမ်းတွေတင်ဖို့ ရထားမရှိတော့ရာက ဈေးသည်တွေ စာတင်ကြကြောင်းနဲ့ မီးရထားဝန်ကြီးဌာနဘက်က RBE တွဲဟောင်းတွေကို နေ့ခင်း ပစ္စည်းတင်ဖို့ အသွား ၃၊ အပြန် ၃ စီး လွှတ်ပေးနေရတယ်လို့ သိရတယ်။
ရထားကို အမှန်တကယ် စီးနင်းသူတွေဟာ စျေးသည်တွေဖြစ်ပြီး ကုန်တင်ခွင့်မရှိဘဲ ခရီးသည် သီးသန့် လိုက်ပါရတဲ့ DEMU စပိန်ရထားတွေကတော့ လက်တွေ့မှာ စီးနင်းသူ နည်းပါးတာကြောင့် ပြန်ဖြုတ်ပြီး တွဲဟောင်းတွေနဲ့သာ ပြန်လည်ပြေးဆွဲပေးဖို့ စီစဉ်နေရတာလည်း ဖြစ်ပါတယ်။