ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဂွယ်ရိုက ဟာလန်းရဲ့ ပထမဆုံးသော အဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတိဒိုင်းပွဲက ခြေစွမ်းအပေါ် ထင်မြင်ချက်ပေးသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ ပထမပိုင်းအတွင်း ဟာလန်းဟာ ဘောလုံးထိချက် ၈ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဒါဟာ ၄၅ မိနစ်အတွင်း ကွင်းထဲရှိနေတဲ့ ကစားသမားတွေထဲမှာ ဘောလုံးထိချက် အနည်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့သလို ဆာလာနဲ့ ဒီယက်စ်လို တိုက်စစ်သမားတွေက ထိချက် ၄၀ နီးပါး ရှိခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ မာတစ်တို့ ဦးဆောင်တဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဟာလန်းက အခွင့်အရေးကြီးတွေတော့ ရခဲ့သေးတာပါ။ ဟာလန်းရဲ့ အဖွင့်ပွဲနဲ့ ပတ်သက်ပြီး အဂွယ်ရိုက

” ဟာလန်းက ဂျာမနီမှာ အရမ်းကို အသားကျခဲ့တာပါ။ ဒီရောက်တော့ ဂိုးရှေ့မှာ သူတစ်ယောက်ထဲ အေးဆေး လှုပ်ရှားရမယ် ထင်နေခဲ့တယ်။ အဲ့မှာ ဗန်ဒိုက်က ပေါ်လာပြီး ‘ပရီးမီးယားလိဂ်ကနေ ကြိုဆိုပါတယ်’ လို့ ပညာပြသွားခဲ့တယ် ” ဆိုပြီး ပြောဆိုခဲ့တာပါ။

မနှစ်ကရာသီ ဘွန်ဒက်လီဂါမှာ ၂၄ ပွဲ ကစားပြီး ကိုယ်တိုင် ၂၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာတော့ ဗန်ဒိုက်လို ထိပ်တန်းအဆင့် ခံစစ်မှူးတွေကို ရင်ဆိုင်ရတော့မှာပါ။ ဂျာမနီထက်စာရင် ပိုခက်ခဲပြီး ရုပ်ပိုင်းဆိုင်ရာ ပိုမို အားပြိုင်မှုတွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။

နူးညက်စ်၊ ဟာလန်းတို့နဲ့ ပတ်သက်ပြီး ဗန်ဒိုက်ကတော့ “ နူးညက်စ်က တိုက်ရိုက် ကစားနိုင်တယ်၊ ခံစစ်သမားတွေကို ကျော်ဖြတ် ပြေးလွှားနိုင်တယ်။ သူက မြန်တယ်၊ သန်မာတယ်။ ဒါကို အားလုံး မြင်ကြပါလိမ့်မယ်။

အရင်ကလည်း ပြောဖူးပါတယ်။ သူက မော်ဒန်ခေတ် တိုက်စစ်သမားပါ၊ ဟာလန်းကလည်း တူတူပါပဲ။ သူတို့မှာ တူညီတဲ့ အရည်အချင်းတွေရှိကြတယ်၊ ရင်ဆိုင်ကစားရ သိပ်ခက်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

ဒီရာသီမှာ နူးညက်စ်နဲ့ ဟာလန်းတို့ဟာ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်လာမယ့် ရေပန်းစားမှုထဲ ဆာလာနည်းတူ ပါဝင်နေတာဖြစ်ပါတယ်။ ယာဂင်ကလော့ပ် လက်ထက် ရှားရှားပါးပါးအဖြစ် နံပါတ် ၉ တိုက်စစ်သမား စစ်စစ်ကို ပြန်အသုံးပြုဖို့ ရွေးချယ်ခြင်းဟာ ဘယ်လောက်အထိ အကျိုးဖြစ်မယ်ဆိုတာကို စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။