ဂျင်မီကာရေဂါက ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုမှာ မန်စီးတီးက ပိုမို သာလွန်နေဦးမယ်ဆိုတဲ့ အခြေအနေကို နားလည်ကြောင်း ပြောခဲ့ပေမယ့် လီဗာပူးက အခွင့်အရေး မရှိတဲ့ အသင်း မဟုတ်ပါဘူးလို့ ဆိုပါတယ်။

သူကတော့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်း စိန်ခေါ်နိုင်ဖို့ အဓိက အကြောင်းရင်း ၂ ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒီ ၂ ချက်ဟာ မနှစ်ကနဲ့ မတူညီတဲ့ ကိစ္စတွေဖြစ်သလို လိဂ်ဖလားစိန်ခေါ်မှု ချိန်ခွင်လျှာကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်မယ်လို့ သူက ယုံပါတယ်။

ကာရေဂါက ” လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်တဲ့ ကိစ္စ ၂ ခုရှိတယ်။ ဒီမယ်ကွာ မန်စီးတီးက ဖလားအနိုင်ရဖို့ ပိုပြီး ရေပန်းစားပါတယ်။ လူတိုင်းကလည်း မန်စီးတီးပဲ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဦးမယ်လို့ ထင်ကြမှာပါပဲ။

လီဗာပူး အနိုင်ရနိုင်တယ်ဆိုပြီး ပြောရတာက ကိစ္စ နှစ်ခုလောက် ရှိနေတာ အဓိကအကြောင်းရင်းလို့ ပြောလို့ရပါတယ်။ ပထမတစ်ခုက မနှစ်ကရာသီမှာ ဒဏ်ရာကနေ ပြန်သက်သာလာစ ဗန်ဒိုက်က အရှိန်တင်ဖို့ လိုခဲ့တယ်။ ပထမ ၃-၄ လလောက်လောက်ကို သူက ပြန်ကြံ့ခိုင်လာဖို့ ကြိုးစားနေခဲ့တယ်။

ဒုတိယ ရာသီဝက်လောက်မှာ သူရယ်၊ အယ်လီဆန်ရယ်က မျှော်လင့်ထားတဲ့အတိုင်း လုပ်ပြနိုင်ခဲ့တာမှာ ကုန်ခဲ့တဲ့ ၃-၄ နှစ်မှာ သူတို့ လုပ်ပြထားခဲ့သလို အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဖြစ်ခဲ့ပါတယ်။

ဒီရာသီအစမှာတင်ပဲ သူတို့ထံက အကောင်းဆုံး စွမ်းဆောင်ရည်တွေရမယ် ဆိုရင်၊ ဒီနေရာမှာ ဗန်ဒိုက်က ဘောလုံးရာသီတိုင်း လီဗာပူးအတွက် ရာသီပြည့် ကစားပေးနိုင်တာကို မမေ့ကြဖို့ လိုပါမယ်။ ဗန်ဒိုက် အဲ့လို လုပ်နိုင်ရင် လီဗာပူးက ရမှတ် ၉၀ ကျော်ဖို့ဆိုတာ သေချာပါတယ်။

ဒုတိယ ကိစ္စကတော့ လီဗာပူးမှာ ထိပ်တန်း ကစားသမား ၃-၄ ဦးလောက် ရှိနေပါတယ်။ မန်စီးတီး အခြေအနေကိုတော့ သေချာမသိဘူး။ ကမ္ဘာဖလား မသွားရမယ့်သူတွေရှိတဲ့ အနေအထားမှာ တူတူပဲဖြစ်ရင်ဖြစ်မှာပဲ။

ဒီယက်စ်က ကမ္ဘာဖလား မကန်ရဘူး၊ ဆာလာ မကန်ရဘူး။ စီးတီးအကြောင်း သေချာမသိပေမယ့် လီဗာပူးရဲ့ အဓိက ကစားသမားတွေ ဒီပြိုင်ပွဲကို မသွားရဘူးဆိုတာက ဒုတိယ ရာသီဝက်မှာ ကြီးကြီးမားမား ခြားနားမှုတွေ ဖြစ်စေပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကာတာကမ္ဘာဖလားဟာ ဘောလုံးရာသီတွေမှာ မကြုံစဖူး ရာသီဝက် ကာလအတွင်း ယှဉ်ပြိုင်ရဖို့ ဖြစ်လာနေခဲ့တာပါ။ လီဗာပူးအသင်းမှာ မာတစ်၊ ရိုဘို၊ ဒီယက်စ်၊ ဆာလာတို့ဟာ အဆိုပါ ပြိုင်ပွဲကို ပါဝင်ရမှာ မဟုတ်တဲ့ အဓိက ကစားသမားတွေဖြစ်ပြီး ကာဗာရို၊ ဟာဗေးနဲ့ လူငယ်ကြယ်ပွင့် အချို့ကလည်း ပါနိုင်ဖွယ် မရှိသေးတာပဲ ဖြစ်ပါတယ်။