ပီအက်စ်ဂျီဟာ မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းမယ့် စိတ်ကူးကို သေသေချာချာ စဉ်းစားသင့်တယ်လို့ တောင်ပံကစားသမားဟောင်း ဂျယ်ရွန်း ရိုသန်က ယုံကြည်နေပြီး တကယ်တမ်းမှာ စာချုပ်ကိစ္စက ဖြစ်မလာသင့်တော့ဘူးလို့ ၎င်းက ပြောဆိုပါတယ်။

မက်ဆီဟာ ၂၀၂၁ နွေရာသီ ဘာစီလိုနာကနေ ထွက်ခွာပြီး ပြင်သစ်ကလပ်နဲ့ ၂နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးကတည်း ပီအက်စ်ဂျီမှာ ရှိနေခဲ့တာပါ။ အသက် ၃၅နှစ်အရွယ် ကစားသမားဟာ ကလပ်နဲ့ ပထမရာသီအတွင်း လီဂူးဝမ်းဖလား အောင်မြင်ခဲ့ပြီး ဒီရာသီမှာ လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီရဲ့ အသက်အရွယ်၊ အသင်းရဲ့ များပြားတဲ့ ကြယ်ပွင့်တွေနဲ့ ပီအက်စ်ဂျီ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အခြေအနေအရ စာချူပ်သစ်ကိစ္စအတွက် သဘောထားကွဲလွဲမှု ဖြစ်နေတာပါ။ ရိုသန်ကတော့ ရာသီကုန်မှာ အာဂျင်တိုင်းသားကို အလွတ်ဖြင့် ထွက်ခွာပေးသင့်တယ်လို့ ယူဆသူဖြစ်ပါတယ်။

ရိုသန်က “ ကိန်းဂဏန်းတွေအရ မက်ဆီကို သက်တမ်းတိုးဖို့က အတော်လေးကို အရေးမပါတဲ့ ကိစ္စပဲ။ ထိပ်တန်း ကြယ်ပွင့် သုံးယောက်ကို ထိန်းသိမ်းဖို့က ခက်ခဲ ရှုပ်ထွေးလွန်းပါတယ်။ ပြီးတော့ သူတို့အတွက် လစာကုန်ကျမှုကလည်း ရှိသေးတယ်။

ပီအက်စ်ဂျီဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ လစာကုန်ကျမှု ပမာဏက သိပ်များနေလို့ပါ။ မက်ဆီအတွက် လစာကုန်ကျစရာ မရှိတော့ရင် အသုံးစရိတ် အများကြီး ပြန်ရလာမယ့် အခွင့်အရေး ရှိပါတယ်။

လုပ်ခပိုင်း လျော့ချခြင်းက ရလာမယ့် ပိုက်ဆံတွေနဲ့ လူသစ်ဝယ်ပြီး အသင်းကို တိုးတက်အောင် လုပ်လို့ရတယ်။ မက်ဆီကို သက်တမ်းထပ်တိုးမယ် ဆိုရင် သိပ်ကို ဆိုးရွားတဲ့စိတ်ကူး ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ ပုံရိပ်အရ မက်ဆီက ဒီမှာ အချိန်အကြာကြီး ဆက်နေချင်မယ်လို့ မထင်ပါဘူး။

သူက ကလပ်ကို တိုးတက်စေဖို့ ဘာမှ အားထုတ်မှု မရှိဘူး။ သူက ပရိသတ်တွေကို ကျေးဇူးတင်ပြီး၊ ခေါင်းငုံ့ပြီး အဝတ်လဲခန်းထဲ ဝင်သွားမယ့်သူမျိုး မဟုတ်ဘူး။

သူ့ရဲ့ သွင်းဂိုး အောင်ပွဲခံမှုတွေမှာတောင် သူ့နာမည်ကို ကြွေးကြော်ပေးကြပေမယ့် ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အမူအရာကောင်းကောင်း ဘယ်တော့မှ သူ မပြသခဲ့ပါဘူး။ ဒါကြောင့် သူက ပီအက်စ်ဂျီမှာ မက်ဆီ ဆက်မနေချင်ဘူးလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဒီရာသီ ပီအက်စ်ဂျီအတွက် ၁၄ ဂိုးသွင်း၊ ၁၄ ဂိုး ဖန်တီးပေးခဲ့ပေမယ့် ကမ္ဘာ့ဖလားကနေ ပြန်လာအပြီးမှာ သူအပါအဝင် နေမာ၊ အမ်ဘတ်ပီတို့ဟာ ကလပ်အတွက် အမြင့်ဆုံး စွမ်းဆောင်ရည်တွေ လုပ်ပြဖို့ ရုန်းကန်လာရတာ ဖြစ်ပါတယ်။