နယ်သာလန်သား နည်းပြ တန်ဟက်ဟာ ယူနိုက်တက်ကို ရောက်လာပြီးတဲ့နောက် မာတီနက်စ်၊ ကက်စမဲရိုး၊ အဲရစ်ဆန်တို့ကို ခေါ်ယူခြင်းဖြင့် အသင်းလူစာရင်းမှာ အောင်နိုင်လိုစိတ်ကို ပိုမို အားဖြည့်ခဲ့ပါတယ်။
ဒါပေမယ့်လို့ သူလုပ်ခဲ့တဲ့ အကောင်းဆုံး လုပ်ရပ်တွေထဲမှာ ကာဗာနီ၊ မာတစ်၊ မာတာ၊ လီးဂရန့်၊ ပေါ့ဘာ၊ လင်ဂတ်တို့ ထွက်ခွာသွားတဲ့ အဝတ်လဲခန်းကို ပိုမို အားကောင်းလာအောင် ဖန်တီးပေးမှုပဲ ဖြစ်ပါတယ်။ ဆိုးရှား လက်ထက် အဝတ်လဲခန်းတွင်း ပြိုကွဲမှုဟာ ကလပ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေခဲ့ပါတယ်။
တန်ဟက်က အဝတ်လဲခန်းကို ရှင်းလင်းဖို့ စိတ်အားထက်သန်ခဲ့ကာ အသက် ၃၇နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုကို ရှင်းထုတ်ဖို့ တာဝန်ယူခဲ့ပါတယ်။ ရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း ယူနိုက်တက်ရဲ့ အဝတ်လဲခန်းဟာ ဟန်ချက်ညီလာခဲ့ကာ ခြေစွမ်းပိုင်း လက်ဖျားခါရလောက်စရာ တိုးတက်လာခဲ့ပါတယ်။
ရက်ဖိုဒ့်က ရပ်တန့်မရနိုင်တဲ့ တိုက်စစ်မှူးအဖြစ် ခြေစွမ်း တိုးတက်လာခဲ့ပြီး ယူနိုက်တက်က နေရာစုံမှာ အားကောင်းလာခဲ့တယ်။ ဒီတလောမှာတော့ နည်းပြတန်ဟက်က အန်တိုနီကို အသင်းကစားကွက်ထဲ ပိုမို ပါဝင်နိုင်ရေး စီမံနေသလို ဆန်ချိုကို စိတ်ပိုင်းဆိုင်ရာ လန်းဆန်းစေဖို့ အချိန်ယူစေခဲ့ပါတယ်။
နောက်ထပ် ခြေလှမ်းကတော့ လူစာရင်းကို ပြန်လည် ပုံသွင်းခြင်း ဖြစ်လာဖို့ ရှိနေပြီး ဘယ်သူတွေကို ခေါ်ယူမယ်၊ ဘယ်သူတွေကို ထွက်ခွင့်ပေးမယ် ဆိုတာအတွက် ယူနိုက်တက် တာဝန်ရှိသူတွေဟာ နည်းပြတန်ဟက်နဲ့ ဆွေးနွေးထားတာတွေ ရှိပါတယ်။
လာမယ့် နွေမှာ ယူနိုက်တက်ဟာ အသင်းမှာ အံမဝင်တဲ့ ကစားသမား အချို့ကို ထပ်ပြီး ရှင်းထုတ်မယ်လို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ဆိုပါတယ်။ ခံစစ်မှူး မက်ဂွဲရား၊ အစွန်လူ တဲလက်စ်၊ တိုက်စစ်မှူး မာရှယ်၊ ကွင်းလယ်လူ တော်မီနေးတို့ဟာ တန်ဟက် ရှင်းထုတ်မယ့် စာရင်းထဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။