ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကာတာဘက်က ဝယ်ယူမယ့် အလားအလာအပေါ် UEFA ဘက်က တားမြစ်ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။
ဥရောပ ပြိုင်ပွဲတွေမှာ အသင်းပိုင်ရှင် တစ်ဦးက အသင်းများစွာ ထိန်းချုပ်ထားခြင်းကို ပိတ်ပင်ထားတဲ့ UEFA စည်းမျဉ်းတွေအရ ကာတာအခြေစိုက် အကျိုးတူအဖွဲ့အစည်း တစ်ခုက ယူနိုက်တက်ကို ဝယ်ယူမယ်ဆိုရင် အခက်အခဲ ရှိနိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်နေတာပါ။
သီခြား စိုးရိမ်စရာကိစ္စ အဖြစ် ကာတာရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ပရီးမီးယားလိဂ်ဘက်က ပိုင်ရှင်သစ်တွေကို လွယ်လွယ်ကူကူ လက်ခံပါ့မလား ဆိုတဲ့ အနေအထားကလည်း ရှိနေပါတယ်။
ဥရောပဘက်က အခြေအနေကို ပြန်ဆက်ရရင် ကာတာ အားကစားရင်းနှီးမြုပ်နှံရေး အဖွဲ့ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို သီးခြား နာမည်တစ်ခုကနေ ကမ်းလှမ်းမှု ပြုလုပ်မှာဖြစ်လို့ UEFA စည်းကမ်းတွေနဲ့ တိုက်ရိုက်ကြီး ဆန့်ကျင်နေမှာ မဟုတ်ပါဘူး။
သောကြာည ၁၀ နာရီ မတိုင်ခင် ယူနိုက်တက်ကို ရောင်းချဖို့ကို အမေရိကန် ရင်းနှီးမြုပ်နှံမှုဘဏ် Raine က တာဝန်ယူထားတာဖြစ်ပြီး ကာတာဘက်က ယူနိုက်တက်ကို ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိမှာမဟုတ်ကြောင်း UEFA ဘက်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီဥက္ကဌ၊ ကာတာ နိုင်ငံသား အယ်ခီလိုင်ဖီဟာ UEFA ဥက္ကဌ ဆယ်ဖာရင်နဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပါတယ်။ ဆီဖာရင်ဟာ မနေ့က ပါရီမှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်ပွဲမှာ အယ်ခီလိုင်ဖီရဲ့ ဧည့်သည်အနေနဲ့ လာရောက်ခဲ့သေးတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီကော ဘိုင်ယန်မြူးနစ်ကပါ ဥရောပစူပါလိဂ် တည်ထောင်လိုသူ ပိုင်ရှင်တွေထဲ ပါဝင်ခြင်း မရှိတဲ့အပေါ် UEFA က သဘောကျနေတာပါ။ ဥရောပကနေ ခွဲထွက်မယ့် စူပါလိဂ်ရဲ့ ခြိမ်းခြောက်မှုက ဆက်ရှိနေသေးတာမို့ ဆီဖာရင်ဟာ အယ်ခီလိုင်ဖီတို့နဲ့ ဆက်ဆံရေး ခိုင်မာလိုနေဆဲ ဖြစ်ပါတယ်။
အယ်ခီလိုင်ဖီဟာ ဥရောပကလပ်အစည်းအရုံးရဲ့ ဥက္ကဌဖြစ်တဲ့အပြင် နိုင်ငံများစွာမှာ ဥရောပပွဲတွေ ပြသခွင့် ပိုင်ဆိုင်ထားတဲ့ beIN မီဒီယာအုပ်စုရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။