စတီဗင်ဂျရတ်ဟာ လီဗာပူးမှာ သူအတူတွဲကစားခဲ့တဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ဇာဘီအလွန်ဆိုကို သတ်မှတ်ခဲ့ပေမယ့် ဂျော်ဒန်ဟန်ဒါဆန်ဟာ တကိုယ်ကောင်းမဆန်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်၊။

ကလပ်ဂန္တဝင်ဟာ အန်ဖီးမှာ ၁၇ နှစ် ကစားခဲ့တာဖြစ်ပြီး ကွင်းလယ်ဗိုလ်ချုပ် ဖြစ်ခဲ့တာပါ။ သူဟာ ကစားသမားများစွာနဲ့ တွဲကစားခဲ့ရပေမယ့် သူ့အတွက် အမှတ်တရ အဖြစ်ဆုံးက အလွန်ဆိုဖြစ်ပါတယ်။ ဂျရတ်ဟာ တွဲဘက်ဟောင်း ဟန်ဒါဆန်ကိုလည်း အတော်လေး အထင်ကြီးပါတယ်။

“ ကျွန်တော် အတူကစားခဲ့တဲ့ အကောင်းဆုံးသူလား။ ဂျော်ဒန်နဲ့ ကစားရတာကို ကျွန်တော် ကျေနပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အတော်လေး တကိုယ်ကောင်းမဆန်သူပါ။ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တာပါ။ ကျွန်တော့်အတွက် အများကြီး အပြေးအလွှား ကူညီပေးခဲ့တယ်။

အဲ့တုန်းက ကျွန်တော်က အသက်ကြီးနေပြီဆိုတော့ သူ့လို လူငယ်တစ်ယောက်ရဲ့ အင်အားကို လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သဘောကျတဲ့ တစ်ဦးချင်း ကစားသမားဆိုရင်တော့ ဇာဘီအလွန်ဆိုပဲ။

အလွန်ဆိုက ကျွန်တော့်ကို နံပါတ် ၁၀ အနေနဲ့ ကစားခွင့်ပေးလေ့ရှိတယ်။ ဒါကြောင့် ကျွန်တော် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ၊ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပိုပြီး လုပ်နိုင်ခဲ့တယ် ” လို့ ဂျရတ်က ပြောပါတယ်။

နွေရာသီမှာ လီဗာပူး အသင်းကနေ ချိန်ဘာလိန်၊ မီလ်နာနဲ့ ကိတ်တာတို့ ထွက်သွားရနိုင်ဖွယ် ရှိပါတယ်။ နောက်ထပ် လူငယ်တွေ ရောက်လာမယ့် လီဗာပူးမျိုးဆက်ကို ဟန်ဒါဆန်က ဆက်လက် ဦးဆောင်နေဦးမှာ ဖြစ်ပါတယ်။