အာဆင်နယ်အသင်းဟာ မနေ့ညက ဖူလ်ဟမ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ထိုပွဲကို ဂန်းနားတို့ ခက်ခဲမယ် ယူဆခဲ့ကြပေမယ့် ထရော့ဆက်ရဲ့ ဟက်ထရစ် ပံ့ပိုးမှုနဲ့ အတူ ၃ဂိုးထိ ဂိုးပြတ်သွားခဲ့တာပါ။

ဂါဘရီရယ်၊ မာတင်နယ်လီနဲ့ အိုဒီဂတ်တို့ ဂိုးတွေ သွင်းယူခဲ့တဲ့ နိုင်ပွဲအပြီးမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၅ မှတ် အသာရမှုကို ဆက်ထိန်းထားနိုင်ခဲ့တယ်။

ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းသားတွေဟာ အဝတ်လဲခန်းအတွင်း ဟိုက်ဘူရီကွင်း (ယခင်ကွင်းဟောင်း) မှာ နှစ်ပေါင်း ၇၀ ကြာ ရှိခဲ့ဖူးတဲ့ Clock End clock ပုံစံတူ နာရီနဲ့တကွ အချိန်ပြမှု တစ်ခုကို ပြုလုပ်ပြီး အောင်ပွဲ ခံခဲ့ပါတယ်။

တကယ်တော့ အဆိုပါ အချိန်ပြမှုဟာ အာဆင်နယ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တော့မယ် အချိန်ကို စတင် ရေတွက်ပြီ ဆိုတဲ့ သဘောနဲ့ ပြသခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ နောက်အပတ် ပဲလေစ့်ကို ရင်ဆိုင် ကစားချိန်မှာတော့ မိနစ်ပြ လက်တံကို ’10’ နေရာမှာ ထားသွားမှာ ဖြစ်ပါတယ်။ လာမယ့် တစ်ပွဲချင်းလိုက် မိနစ် ဂဏန်းကို လျော့ချသွားမှာပါ။

နာရီပြ လက်တံကို ဘာကြောင့် ‘2’ မှာ ထားလဲဆိုတာကတော့ အဓိပ္ပာယ် ၂ ခု ထွက်နေပါတယ်။ ရိုးရှင်းတဲ့ အဓိပ္ပာယ်ကတော့ ‘၁၁ ပွဲပဲ ကစားဖို့ကျန်တယ်’ လို့ အဓိပ္ပာယ်ထွက်တဲ့ ‘11 games 2 go’ ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရာသီသိမ်းဖို့ ၂ လပဲကျန်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

များစွာသော ပရိသတ်တွေရဲ့ အဆိုအရ နောက်ဆုံးသော နာရီပြချိန်ဟာ 14:00 ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါကတော့ အာဆင်နယ်တို့ ၁၄ ကြိမ်မြောက် အမှတ်ပေးဖလား အောင်မြင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုပါလိမ့်မယ်။