မနေ့ညက ပွဲမှာ အာဆင်နယ်အသင်းက လီဗာပူးနဲ့ သရေကျ၊ အမှတ်လျော့သွားခဲ့ပြီးနောက် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ဖလားရဖို့ ရေပန်းစားမှုဟာ ပြန်လည် မြင့်တက်လာပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ဘောလုံးရာသီ ပြီးဆုံးဖို့ နီးကပ်လာချိန် အမှားမခံတော့ချိန်ှာ ပိုပြီး ရင်ခုန် ပျော်ရွှင်ရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂွာဒီယိုလာက ” စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလ လောက်တုန်းက ကျွန်တော် သိပ်မပျော်ဘူး။ နောက်ပိုင်း အဆင့်တွေ ရောက်လာပြီး ဖလားအတွက် တိုက်ပွဲဝင်ရတော့ ကျွန်တော်က ကမ္ဘာပေါ်မှာ အပျော်ဆုံးလူပဲ ” လို့ ပြောဆိုခဲ့တာပါ။

မန်စီးတီးဟာ ဂန်းနားတွေထက် တစ်ပွဲလျော့ကစားထားပြီး ဒီလကုန်မှာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဖလားပြိုင်ပွဲက နောက်ဆုံးအပတ်ထိ အကြိတ်အနယ် ရှိနေမှာဖြစ်ပြီး မနှစ်က ရာသီနောက်ဆုံးပွဲကျမှ လီဗာပူးကို ဖယ်ထုတ်ခဲ့ဖူးတဲ့ ဂွာဒီယိုလာက ဒီလို နောက်ဆုံးရက် ဒရာမာတွေနဲ့ မစိမ်းတော့ပါဘူး။

” ဟုတ်ပါတယ်။ ဒီခံစားချက်ကို သိတယ်။ ကျွန်တော် ခဏခဏပြောခဲ့ပါတယ်။ တစ်ပွဲလောက်ရှုံးတာနဲ့ ပရီးမီးယားလိဂ်ကို ဆုံးရှုံးရနိုင်တယ်။ စက်တင်ဘာ၊ အောက်တိုဘာတုန်းက အဲ့လိုခံစားချက်မျိုး မရနိုင်ဘူး။ ‘ငါတို့ အမှတ်လျော့လို့ရတယ် ဘာမှမဖြစ်ဘူး’ပေါ့။

ဒါပေမယ့် လီဗာပူးကို ရပ်တန်လို့မရတဲ့ ရာသီမျိုး၊ အခု အာဆင်နယ်ကို ရပ်တန့်လို့မရတဲ့ ရာသီမျိုးမှာ ကျွန်တော်တို့ အမှတ်လျော့လိုက်တာနဲ့ အခွင့်အရေး မရှိတော့ဘူး ဆိုတာ လူတိုင်းသိတယ်။

အခုထိ ကျွန်တော်တို့ အခွင့်အရေး ရှိနေတုန်းပဲ။ ကစားရမယ့်ပွဲတွေလည်း အများကြီး ကျန်ပါသေးတယ်။ အရေးကြီး တာက ကျွန်တော်တို့ ပြိုင်ပွဲ ၃ခု မှာ ရှိနေသေးတာပါ။

‘ငါတို့ လက်စတာကိုနိုင်ရင် ဖလားပြိုင်ပွဲထဲ ဆက်ရှိနေမယ်’၊ ‘အာဆင်နယ်ကို နိုင်ရင် ဖလားရဖို့ အခွင့်အရေး ရှိသေးတယ်’ ဆိုတဲ့ တိုက်ပွဲ အတွေးမျိုးကို သဘောကျတယ်။ အစထဲက စိတ်ပျက်အားလျော့နေရင် ပိုဆိုးသွားဖို့ပဲ ရှိပါတယ်” လို့ ဂွာဒီယိုလာက ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်ထက် ပိုခက်ခဲတဲ့ ပွဲစဉ် လက်ကျန်တွေ ရှိနေပေမယ့် ဂွာဒီယိုလာက သူ့အသင်းသားတွေကို ချန်ပီယံ ဖြစ်ဖို့ တွန်းအားပေးတော့မှာပဲ ဖြစ်ပါတယ်။