မန်ချက်စတာ ဂန္တဝင်ကြီး ဝိန်းရွန်းနီး က လက်ရှိ ဘောလုံးလောကဟာ မျိုးဆက်သစ် ကြယ်ပွင့်တွေကို ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ လုပ်ပေးဖို့ အချိန်တန်ပြီလို့ ထောက်ပြ လာပါတယ်။

ဒီဆယ်စုနှစ်တွေမှာ ကမ္ဘာဘောလုံးလောကကို မက်ဆီနဲ့ ရော်နယ်ဒို ဆိုတဲ့ အထင်ကရ တိုက်စစ်သမားတွေရဲ့ ဩဇာဟာ ကြီးကြီးမားမား လွှမ်းမိုးထားခဲ့တာပါ။ ဒါပေမယ့်လို့ သူတို့ နှစ်ဦးရဲ့ အကောင်းဆုံး နေ့ရက်တွေက နေဝင်လာခဲ့ချိန်မှာ လူငယ် ကြယ်ပွင့်တွေက စတင် တောက်ပလာနေပြီ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ခေတ် ကုန်သွားပြီး ဘောလုံးလောကကို အရှိန်အဟုန်နဲ့ ထိုးဖောက်လာနေတဲ့ ကြယ်ပွင့်သစ် အကြောင်း ဝိန်းရွန်းနီက ခုလို ဆိုခဲ့ပါတယ်။

” အခုချိန်မှာ ကမ္ဘာ အကောင်းဆုံး ဘောလုံးသမားက ဘယ်သူလဲ? ဟာလန်းပဲလေ။ မက်ဆီက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတလောမှာ ဟာလန်းထက် ပိုကောင်းကောင်း ကစားနေတဲ့ ကစားသမား မရှိပါဘူး။

ကျနော် ကိုယ်တိုင်လည်း တိုက်စစ်မှူး နေရာမှာ ကစားပြီး စံချိန်ကောင်း များစွာကို ရိုက်ချိုးခဲ့ပေမယ့် အခု ဟာလန်း ရောက်နေတဲ့ အဆင့်မျိုးက တကယ့်ကို ရင်သပ်ရှုမော ဖြစ်ရပါတယ်။

ဟာလန်းက ကမ္ဘာ့အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ သူသွင်းယူနေတဲ့ သွင်းဂိုးတွေ၊ သူပြသနေတဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓါတ်မာကျောမှုတွေကြောင့် ဖြစ်ပါတယ်။

ဘလွန်းဒီအောဆု ဘယ်သူများ အနိုင်ရမလဲ ကြည့်မယ်ဆိုရင် ဒီရာသီ စွမ်းဆောင်ရည် အတိုင်း ဟာလန်း ဆက်ပြီး စွမ်းဆောင်နေသမျှ သူ အနိုင်ရမယ်ဆိုတာ မြင်ကြမှာပါ။ ဘာလို့များ သူက ဘလွန်းဒီအော အနိုင်မရနိုင်ရမှာလဲ? ၂၆၄ ပွဲမှာ ၂၂၄ ဂိုးဆိုတာက သူရဲ့ အဆင့်အတန်းက လုံးဝ မကျသွားဘူးဆိုတာပါပဲ။

ကျနော်တို့မှာ မက်ဆီနဲ့ ရော်နယ်ဒို ဆိုတဲ့ ခေတ်တစ်ခု ရှိခဲ့ပါတယ်။ အခုက ဟာလန်းရဲ့ ခေတ်ကို ရောက်လာပါပြီ။ ဟာလန်းနဲ့ အမ်ဘတ်ပီတို့ရဲ့ ခေတ်ပေါ့။ သူ့ကို အရည်အချင်းနဲ့ ကစားသမားကို မြင်နေရချိန်မှာ ပျော်ပျော်ကြီး အားပေးနေဖို့ပါပဲ ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။