မန်ချက်စတာ ယူနိုက်တက်ဟာ ဝင်ဘာလေမှာ ဘရိုက်တန်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရခြင်းနဲ့အတူ အက်ဖ်အေဖလား ဖိုင်နယ်ပွဲကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

မိနစ် ၉၀ အဖြေမပေါ်ခဲ့သလို အချိန်ပို ၁၅ မိနစ် နှစ်ကြိမ် ကစားရာမှာလည်း ဝ-၀ ရလဒ်ပဲ ထွက်ခဲ့တာကြောင့် ပင်နယ်တီ အထိ ရောက်ခဲ့တာပါ။ ယူနိုက်တက်က ၇-၆ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကောင်း တစ်သင်းကို ခက်ခဲစွာ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အင်္ဂလန်ရဲ့ သက်တမ်း အရင့်ဆုံး ဆုဖလားကို ဝင်ဘာလေမှာ အပြိုင်လုရမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒီဂီယာက အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူဖို့ စိတ်ပြင်းပြနေပါတယ်။ မန်ချက်စတာနှစ်သင်းဟာ ဒီရာသီ ၂ ကြိမ် တွေ့ဆုံရာမှာ တစ်ကြိမ်စီ အနိုင်ရထားတာ ဖြစ်ပါတယ်။

ဒီဂီယာ ကိုယ်တိုင်ကလည်း ‘ ဖိုင်နယ်ပွဲကစားရဖို့ အဝေးကြီး လိုနေပါသေးတယ်။ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းကို ကျနော်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီရာသီမှာပဲ အိမ်ကွင်းမှာ ကစားတဲ့ ပွဲမှာ မန်စီးတီးကို ကျနော်တို့ အနိုင်ယူပြခဲ့ပြီးပါပြီ။ ဖိုင်နယ်မှာ ဒါမျိုး ထပ်လုပ်ပြဖို့ အစွမ်းကုန် အားထုတ် ကြိုးစားမှာပါ။ ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။