လိဒ်စ်ယူနိုက်တက်ကို ရာသီကုန်ထိ ကိုင်တွယ်သွားမယ့် ဆမ်အလာဒိုက်က ပထမဆုံး မိတ်ဆက်မှာပဲ ကလော့ပ်၊ ဂွာဒီယိုလာ၊ အာတီတာတို့နဲ့ သူ့ဘာသာ နှိုင်းယှဉ်မှု လုပ်ခဲ့ပါတယ်။
တန်းဆင်းရမယ့် အန္တရာယ် ရှိနေတာကြောင့် မန်နေဂျာ အပြောင်းအလဲ ပြုလုပ်လိုက်တဲ့ လိဒ်စ်ကို ဝါရင့် အင်္ဂလန်သား နည်းပြပြီး ဆမ်အလာဒိုက်က တာဝန်ယူမှာပါ။
ဆမ်အလာဒိုက်ဟာ ရှေးရိုး အင်္ဂလန်ကစားဟန်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုပြီး ခံစစ် ပိတ်ကစားတဲ့ ကစားဟန်နဲ့အတူ တန်းဆင်းဇုန် ကလပ်တွေကို ရာသီ့ကုန်ရင် ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်အောင် ကိုင်တွယ်နိုင်စွမ်း ရှိသူအဖြစ် နာမည်ကြီးပါတယ်။
ဆမ်က ” လူတွေအများကြီးက ကျနော့်ကို အိုနေပြီ၊ ခေတ်နောက်ကျနေပြီလို့ ပြောကြတယ်။ ကျနော့်အသက် ၆၈ နှစ်ရှိနေပြီး ကြည့်ရတာ အသက်ကြီးပုံ ပေါက်လိမ့်မယ် ဒါပေမယ့် ဘောလုံးနဲ့ ပတ်သက်လာရင် ဘယ်သူမှ ကျနော်ထက် မတော်ဘူး။ ဂွာဒီယိုလာတို့ ကလော့ပ်တို့၊ အာတီတာတို့တောင် ပိုမတော်ဘူး။
သူတို့ လုပ်နေတာနဲ့ ကျနော် လုပ်နေတာ ယှဉ်ကြည့်လို့ရတယ်။ ဘောလုံး အသိဉာဏ် နက်နဲလှတဲ့ သိနားလည်မှုတွေမှာ သူတို့က ကျနော်ထက် ပိုကောင်းမနေပါဘူး။ လိဒ်စ်ကို တန်းမဆင်းရအောင် လုပ်ပေးနိုင်ရင် ဒီက ကစားသမားတွေနဲ့အတူ အသင်းတစ်သင်းကို တည်ဆောက်ရေး စိန်ခေါ်လို့ရပါတယ်။ ဒါပေမယ့် အဲ့တာက အဝေးကြီး ရှိနေပါသေးတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ လိဒ်စ် ယူနိုက်တက်ဟာ အာဆင်နယ်၊ လီဗာပူးအသင်းတို့နဲ့ ထိပ်တိုက်တွေ့ဖို့ မရှိတော့ပေမယ့် မန်စီးတီးကို ရင်ဆိုင်ရဖို့ ရှိနေသေးပြီး အလာဒိုက်က သူ့ရဲ့ အစွမ်းအစကို ထုတ်ပြမလား စောင့်ကြည့်ရပါလိမ့်မယ်။