မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ လုခ်ရှောက သိသိသာသာ လက်ထိခဲ့တာကြောင့် ပေးရတဲ့ ပင်နယ်တီကို အယ်လစ္စတာက ကန်သွင်း အဆုံးသတ်ကာ ဘရိုက်တန်တို့ နိုင်ခဲ့တာပါ။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်ဘဲ အမျက်ထွက်နေပါတယ်။ တန်ဟက်က ပင်နယ်တီ ပေးခြင်းကို စိတ်ဆိုးတာထက် အဲ့ဒီမတိုင်ခင် မပေးသင့်တဲ့ တည်ကန်ဘော ခွင့်ပြုရခြင်းကို မကျေမနပ်တာ ဖြစ်ကြောင်း ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ကံမကောင်းခဲ့တာပါ။ ထောင့်ကန်ဘော မတိုင်ခင် ဖရီးကစ်က ပေးသင့်တဲ့ ကိစ္စကို မဟုတ်တာပါ။ လုရှောက လက်ထိဘော ဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် နောက်ကနေ တွန်းခံရတာမို့ သူ ဟန်ချက်ပျက်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ ဒါပေမယ့် ကျနော် မမြင်လိုက်ပါဘူး။

ကျနော် ပိုပြီး ဒေါသထွက်တာက မပေးသင့်တဲ့ တည်ကန်ဘောကို ပေးလိုက်ရလို့ပါပဲ။ ဒီညမှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေက Foul ပေးမခံခဲ့ရဘူး။ ဒီမျှမျှတတ ရှင်းထုတ်မှုကိုကျတော့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့တယ်။” လို့ တန်ဟက်က ဆိုလိုက်ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက် အသင်းသား များစွာက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ခဲ့ကြတာ အတွက်လည်း တန်ဟက်က ထောက်ခံပါတယ်။

” အရမ်းကြမ်းတဲ့ ပြစ်ဒဏ်ဘော ကျူးလွန်မှုတွေ ရှိခဲ့တယ်၊ သိသိသာသာ ဖြစ်ခဲ့တယ်။ ကျနော် ကစားသမားတွေရဲ့ အပြုအမှုကို သဘောတူတာ မဟုတ်ပေမယ့် ဒီလောက်ကြီး ရှင်းလင်းနေတဲ့ ကိစ္စတွေကို အရေးမယူတော့ ထိန်းချုပ်ပြီး နေနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။” လို့ ကစားသမားတွေဘက်က ကာကွယ်ပေးခဲ့တယ်။

ဒီပွဲ ရှုံးပေမယ့်လို့ ယူနိုက်တက်ဟာ အဆင့် ၅ နေရာက လီဗာပူးထက် ၁ ပွဲလျော့ကစား ၄ မှတ်အသာဖြင့် အဆင့် ၄ နေရာမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။