ဖူလ်ဟမ် နည်းပြ ဆေးဗားကတော့ လီဗာပူးအသင်းကို ပင်နယ်တီ နဲ့ အရေးနိမ့်ခဲ့ရတဲ့ ပွဲ ရလဒ် အပေါ် အတော်လေး မကျေမနပ် ဖြစ်နေပါတယ်။
လီဗာပူးဟာ ထရန့်ရဲ့ ဖန်တီးမှုတွေကြောင့် ကစားပုံ ကောင်းပေမယ့်လို့ တိုက်စစ်ပိုင်း ချိတ်ဆက်မှုတွေ လိုအပ်ချက် များနေခဲ့တာပါ။ ကောင်တာ-တိုက်စစ် အနေအထားမှာ ဒါဝင်ကြောင့် လီဗာပူးတို့ ပင်နယ်တီ ရခဲ့ပြီး ထိုပင်နယ်တီ ကို ဆာလာက အကောင်းဆုံး အဆုံးသတ်သွားတာ ဖြစ်ပါတယ်။
ဖူလ်ဟမ်နည်းပြကတော့ မပေးသင့်တဲ့ ပင်နယ်တီလို့ ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးနဲ့ VAR တို့ ဆုံးဖြတ်ချက် အမှား လုပ်မိခဲ့တာကြောင့် အဲ့လို ပင်နယ်တီနဲ့ ပွဲကို ရှုံးရတာလို့ ယုံကြည်နေပါတယ်။
“ ၁-၀ နဲ့ ရှုံးတယ်၊ အဲ့တာကိုမှ ပင်နယ်တီနဲ့ ရှုံးခဲ့တယ်ဆိုတာက ရှက်စရာကြီးလို့ ကျနော် ပြောရလိမ့်မယ်။ ကျနော်တို့ ပေးရတဲ့ ပင်နယ်တီမျိုးကို VAR က ပယ်ဖျက်ခြင်း မလုပ်တာကို ကျနော် နားမလည်နိုင်အောင်ပဲ။ အဲ့တာက တကယ်ပဲ နားလည်ရ ခက်ခဲပါတယ်။
လာမယ့်ရက်တွေမှာ ဘာကြားရတော့မယ် ဆိုတာကို ကျနော် သိပါတယ်။ ဒါက လက်ခံရ ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက် ပါပဲ။ ဒါဝင်က ဘောလုံးထိချိန်မှာ သူ့ဘာသာ ဒိုင်ဗင်ပစ်လိုက်တာပါ။ အဲ့တာကို ပင်နယ်တီအဖြစ် လက်ခံဖို့ ခက်ခဲသလို VAR ကလည်း ဆုံးဖြတ်ချက်ကို မပြင်ပါဘူး။
ကျနော်တို့အတွက်တော့ ဒီလို ကိစ္စတွေမှာ အမြဲတမ်း ငြင်းခုံနေရတာပါပဲ။ နားလည်ရ ခက်ခဲလွန်းတဲ့ ပင်နယ်တီပဲ ဖြစ်ပါတယ် ” လို့ ဆေးဗားက ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့တာပါ။
ပေါ်တူဂီသား နည်းပြဟာ ဒီယော့ရဲ့ ဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်နဲ့ စကားပြောဖို့ ဒုတိယပိုင်းအပြီးမှာ ကွင်းထဲ ဝင်သွားခဲ့ပြီး “ပင်နယ်တီ မဟုတ်တာ အသိသာလိုက်ကြီး” လို့ ပြောဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲတွေမှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေက အတော်လေး ပြောစရာ ဖြစ်နေပြီး ပြီးခဲ့တဲ့ အပတ်ကပဲ ကလော့ပ်က စပါးကို အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်ဒိုင် တီယာနေးကို ဝေဖန်ခဲ့တာကြောင့် ပွဲပယ် ပြစ်ဒဏ် ကျခံရဖွယ် ရှိနေပါတယ်။ ဒီလိုပဲ ဖူလ်ဟမ် နည်းပြ ဆေးဗားရဲ့ ဒိုင်နဲ့ VAR ကို စောဒကတက်မှုကလည်း တူညီတဲ့ စစ်ဆေးမှုကို ခံရဖွယ် ရှိပါတယ်။