တန်ဟက်က အနာဂတ်မှာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ အောင်မြင်အောင် ကြိုးစားဖို့ စိတ်အားထက်သန်နေပြီး သူ့ကို ကူညီပေးမယ့် ကြယ်ပွင့်တွေကို စတင် စုစည်းနေတာပါ။

ဒီရာသီ စီနီယာအသင်းထံ တန်ဟက် ခေါ်ယူခဲ့တဲ့ ကလပ် ကြယ်ပွင့် ဂါနာချိုဟာ ရင်သပ်ရှုမောစရာ တိုက်စစ်စွမ်းရည်တွေကို ပြသနေတာပါ။ အာဂျင်တိုင်းသားဟာ ဒဏ်ရာမရခင်တုန်းက ကလပ်အတွက် ၃၁ ပွဲမှာ ၄ ဂိုးသွင်း၊ ၅ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

နည်းပြတန်ဟက်က သူ့ကို အတော်လေး သဘောကျတာမို့ ကာလရှည် စာချုပ်သစ် ပေးဖို့ပါ အသင်းနဲ့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ စီနီယာအဆင့်ထံ ထိုးဖောက် တက်လှမ်းလာခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဂါနာချိုဟာ စာချုပ်သစ်အရ ၂၀၂၈ ခုနှစ်ထိ မန်ချက်စတာကလပ်မှာ ရှိနေတော့မှာ ဖြစ်ပါတယ်။

“ သူက တိုးတက်လာတယ်။ အများကြီး တိုးတက်လာတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလို စာချုပ်သစ်ပေးခဲ့တာပါ။ အခု ဒီစာချုပ်က သူ ပိုပြီးတော့တောင် ကောင်းကောင်းလုပ်နိုင်ဖို့ တွန်းအားတစ်ခု ဖြစ်စေမယ်ထင်ပါတယ်။

ဒီကလပ်ဟာ မယုံနိုင်စရာ ကိစ္စတွေ လုပ်နိုင်တဲ့ ကစားသမားတွေကို လိုအပ်နေပါတယ်။ ‘ငါတို့ အနိုင်ရချင်တယ်’ ဆိုတာပဲ မဟုတ်ပါဘူး။ သေချာတဲ့ နည်းလမ်းနဲ့ အနိုင်ယူချင်တာမျိုး ဖြစ်ရမယ်။ ဒါပေမယ့် အရေးကြီးဆုံးက အနိုင်ရဖို့ပဲ။

ဒီကလပ်ဟာ ဖလားတွေ အောင်မြင်ဖို့ လိုအပ်တယ်။ သူကလည်း ဖလားတွေရချင်တယ်။ ဘာလို့လဲဆိုတော့ ကစားသမားဘဝ အဆုံးသတ်မှာ ဖလားတွေပဲ ပြစရာရှိတာလေ။

အတိတ်ကို ပြန်ကြည့်ပြီး ‘ငါ ပရီးမီးယားလိဂ်ရခဲ့တယ်၊ ချန်ပီယံလိဂ်ရခဲ့တယ်၊ ကမ္ဘာ့ဖလားမှာ ပါခဲ့တယ်’ ဆိုတာမျိုး ပြောချင်တယ်။ ဂနာချိုမှာ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစမျိုးရှိပါတယ်။ ဒါပေမယ့် ကြိုးစားဖို့လဲ လိုတယ်။ မကြိုးစားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အခုမှ အစပဲ ရှိပါသေးတယ် ” လို့ တန်ဟက်က ဆိုခဲ့ပါတယ်။

ဂါနာချိုဟာ လက်ရှိမှာ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်ထူထောင်လာဖို့ ကြိုးပမ်းနေတာပါ။ သူ့ရဲ့ စာချုပ်သစ် မိတ်ဆက်မှုမှာတော့ သူ့အဖွား၊ သူ့ကောင်မလေး အီဗာ ဂါစီယာ အပါအဝင် ကစားသမားရဲ့ မိသားစုဝင်တွေဟာ အိုးထရက်ဖို့ဒ်ကွင်းထံ လာလည်ခဲ့ပြီး အတူအောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။