မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် က ဆုဖလားတွေ ရယူနိုင်တဲ့ လူစာရင်း ထု တည်ဆောက်ဖို့ အတွက် အသုံးစရိတ် ငွေကြေး ရှိဖို့က အရေးကြီးတယ်လို့ ပြောဆိုလာပါတယ်။
ယူနိုက်တက်ရဲ့ နွေ အပြောင်းအရွှေ့ အသုံးစရိတ် ဘတ်ဂျက် ဘယ်လောက် ရမလဲ သိသလား မေးခွန်းထုတ်ခံခဲ့ရရာ နည်းပြ တန်ဟက် က ခုလို တုန့်ပြန်ခဲ့တာပါ။
” အသုံးစရိတ် ဘယ်လောက် ရမလဲ ကျနော် မသိဘူး။ ဒီအပေါ် လွှမ်းမိုးမှု မရှိပါဘူး။ ရှိစရာလည်း မလိုသလို ကျနော် လည်း မသိပါဘူး။
ကျနော် သိတာ တစ်ခုကတော့ မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်အသင်း တသင်းပါ။ ပရိသတ်ထု နဲ့ ကြည့်မယ် ဆိုရင် အကြီးဆုံး ကလပ်အသင်း ၂သင်း ၃သင်းထဲမှာ ပါ ပါတယ်။
ဒီကလပ်က ကမ္ဘာ့ အမြင့်ဆုံး ဆုဖလားတွေကို ယှဉ်ပြိုင်နိုင်၊ ရယူနိုင်ပါတယ်၊ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် စသဖြင့်ပေါ့။ ဒါပေမယ့် ဘောလုံးမှာက လူစာရင်း တည်ဆောက်ဖို့ ပိုက်ဆံ လိုပါတယ်။ အဆုံးမှာတော့ ကစားသမားတွေရဲ့ လယ်ဗယ် က ခင်ဗျားတို့ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာ ဆုံးဖြတ်သွားမှာပဲ။
လယ်ဗယ်မြင့်တဲ့ ကစားသမားတွေနဲ့ လူစာရင်း တည်ဆောက်ဖို့ ဆိုတာ ငွေ အများကြီး သုံးရပါတယ်။ လူတိုင်းက ဒါကို သိတယ်။ ဒါက ထိပ်တန်း ဘောလုံးခေတ်ရဲ့ အခြေအနေပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တန်ဟက်ရဲ့ စကားလုံးတွေက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ စဉ်းစားနေတဲ့ ဂလေဇာ မိသားစုထံ သွယ်ဝိုက်ပြီး မက်ဆေ့ချ် ပေးခဲ့တာလည်း ဖြစ်ပါတယ်။