မန်စီးတီး အသင်းရဲ့ မနေ့ညက လိဒ်စ်ယူနိုက်တက်ကို ၂-၁ နဲ့ နိုင်တဲ့ပွဲမှာ ပင်နယ်တီ ကန်သွင်းဖို့ ဟာလန်းကို အော်ဟစ် သတိပေးခဲ့ပေမယ့် ဂွမ်ဒိုဂန် ယူကန်သွားခြင်းကို ဂွာဒီယိုလာက မကျေနပ် ဖြစ်နေကြောင်း ပွဲ အပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

၂-၀ ရလဒ် ထွက်နေချိန် ဦးဆောင်ဂိုး ၂ ဂိုးလုံး ရယူပေးထားတဲ့ ဂွမ်ဒိုဂန်က ပင်နယ်တီကို တာဝန်ယူခဲ့ပြီး တိုင်ထိ သွားခဲ့တာပါ။ မကန်ခင်တည်းက ဟာလန်းပဲ ကန်ဖို့ အော်ဟစ် သတိပေးခဲ့တဲ့ ဂွာဒီယိုလာက သူ့ရဲ့ စကား နား မထောင်ခဲ့တဲ့ ဂွမ်ဒိုဂန်ကို လူစားလဲချိန်မှာ လက်ဆွဲ မနှုတ်ဆက်ခဲ့ပါဘူး။

ဒီကိစ္စအတွက် ပွဲအပြီးမှာ ဂွာဒီယိုလာက ” မေးခွန်းက ၂-၀ ဖြစ်နေချိန်မှာ ပင်နယ်တီကို ဘယ်သူ ကန်ဖို့ တာဝန်ယူထားသလဲ? ဖြစ်ရမှာပါ။ ဟာလန်း ဒါမှမဟုတ် မာရက်ဇ်က ပင်နယ်တီ ကန်ရမယ့်သူပါ။

ဒုတိယအချက်က ဟာလန်း ဘယ်လိုလူစားလဲဆိုတာ မြင်ရပါတယ်။ သူက ဂိုးလိုချင်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အသင်းဖော်ကို ပင်နယ်တီ ကန်ခွင့်ပေးလိုက်တာ အတွက် ကျနော် နားလည်တယ်။ သူ ဂိုးသွင်းဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ သူ ဒီပွဲမှာ ကောင်းခဲ့ပါတယ်။

အင်္ဂလန်မှာ ၂-၀ ဆိုတာ ပွဲမပြီးသေးပါဘူး။ ပင်နယ်တီ ကို တာဝန်ယူရမယ့် သူကိုပဲ ကန်စေချင်ပါတယ်။ သူတို့တွေက ဒီအပိုင်းကို ပိုပြီး လေ့ကျင့်ထားတဲ့ အထူး ကျွမ်းကျင်သူတွေပါ။ ဆိုလိုတာက ဟာလန်း ဒါမှမဟုတ် မာရက်ဇ်က ပင်နယ်တီ ကန်ရပါမယ်။ သူတို့ ဂိုးသွင်းနိုင်မလားကတော့ ဘယ်သူမှ မသိနိုင်ဘူးပဲလေ။

ဂွမ်ဒိုဂန်ကလည်း သူကန်နိုင်ခဲ့ရင် ဟက်ထရစ်ရမှာပါ။ သူ့အတွက် သိပ်ကောင်းမှာပါ။ အခြေအနေ အားလုံးကို ကျနော် နားလည်ပါတယ်။ ဒီအခွင့်အရေးမှာ ပွဲက ပြီးသွားနိုင်တယ်။ ကိုယ်ထိန်းချုပ်ရမယ့် အခြေအနေကို ထိန်းချုပ်ရမှာပဲ။

ကိုယ်က ၄-ဝ နဲ့ နိုင်ထားပြီး ပွဲပြီးဖို့ ၁ဝ မိနစ်ပဲ ကျန်တဲ့ အချိန်ဆို ကျနော် ဘာမှ မပြောပါဘူး။ ဂွမ်ဒိုဂန်ရဲ့ တာဝန်ယူလိုမှုကို ကျနော် အထင်ကြီးပါတယ်။ ပုံမှန်ကတော့ ပင်နယ်တီ ကန်ရမယ့်သူက ကန်ရမှာပါပဲ။

ဟာလန်း တာဝန်ယူရမယ်၊ သူက ဒီအပိုင်းမှာ ကျွမ်းကျင်သူပါပဲ။ ဒါက ကျနော်တို့ လုပ်ရမယ့် အလုပ်ဆိုတာ မေ့လို့ မရပါဘူး ” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။