ဒီည စိန့်ဂျိမ်းပက်ခ်မှာ ကစားရမယ့် ပွဲစဉ်မှာ အာဆင်နယ်ဟာ နောက်ထပ် ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

မန်စီးတီးက အမှတ်ပေးဇယားကို ၄ မှတ် အသာဖြင့် ဦးဆောင်ထားပြီ ဖြစ်တာမို့ ဒီညပွဲကို အနိုင်ရမှ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် စိန်ခေါ်မှု အနေအထားက မျှော်လင့်ချက် ပြန်ပေါ်လာမှာပါ။ ဒီပွဲအကြိုမှာတော့ ခံစစ်ပိုင်းက စိတ်ပူစရာ လေးတွေ ရှိနေတာ ဖြစ်ပါတယ်။

တိုမီယာဆုကို ရာသီကုန်ထိ လက်လွတ်ထားရသလို ဆာလီဘာလည်း မပါနိုင်တဲ့ အခြေအနေမှာ ခံစစ်မှူး ဂါဘရီရယ်က ချယ်ဆီးပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် နယူးကာဆယ်ပွဲကြို လေ့ကျင့်ရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ပွဲကြို အင်တာဗျူးမှာ အာတီတာက ‘ မနက်ဖြန်မှာ သူ့အခြေအနေ ဘယ်လိုရှိမလဲ ကျနော်တို့ မြင်ရမှာပါ။ ချယ်ဆီးနဲ့ပွဲမှာ ပွဲအပြီးထိ သူမပါနိုင်ခဲ့တာက ကျနော်တို့အတွက် အချက်ပေးမှုကြီးပါ။ မနက်ဖြန်မှာ သူ့အခြေအနေ ဘယ်လိုနေမလဲ ကြည့်ရပါမယ် ’ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လာမယ့် အပတ်တွေမှာ ဆာလီဘာ ပါဝင်ကစားနိုင်မယ့် အခြေအနေအတွက် အာတီတာကပဲ ‘ နေ့တိုင်းမှာ သူ ပိုကောင်းလာနေပါတယ်။ ဒါပေမယ့်လို့ ပထမအသင်းထံ ပြန်လာဖို့အတွက်ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ နယူးကာဆယ်ပွဲမှာ သူပြန်လာမယ် မမျှော်လင့်ထားပါဘူး။

ရာသီကုန်ထိ သူလွဲမယ်လို့တော့ ကျနော်တို့ မဖယ်ထုတ်ထားသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ အမြဲတမ်း မျှော်လင့်ချက်ရှိတယ်၊ ကစားသမားတွေကလည်း ကစားခွင့်ရဖို့ တွန်းအားပေးနေတယ်။ သူမကစားနိုင်ရင် မကစားနိုင်တော့ဘူးလို့ ကျနော်တို့ အသိပေးမှာပါ ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။