မနေ့ညက ဝက်စ်ဟမ်းကို ရှုံးလိုက်တာကြောင့် တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှာ ၁ ပွဲပဲ အနိုင်ရပြီး ၂ ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး ၄ သင်း ဝင်ခွင့်မှာ ဖိအားတွေ စရလာနေပြီ ဖြစ်ပါတယ်။
အရင်ရက်က ဘရိုက်တန်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ မနက်ကပွဲမှာ ဝက်စ်ဟမ်းကိုပါ ၁-၀ နဲ့ ထပ်မံ အရေးနိမ့်ခဲ့တာပါ။
ဒါကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးထက် ၁ ပွဲလျော့ကစား ၁ မှတ်သာဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေတယ်။ ဒါပေမယ့် သတိပြုရမှာက လီဗာပူးပဲတော့ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ် အဆင့် ၇ နေရာက ဘရိုက်တန်ဟာ ယူနိုက်တက်ထက် ၂ ပွဲလျော့ ကစားထားပြီး ၈ မှတ် ပြတ် နေတာပါ။ သူတို့ လက်ကျန် ၂ ပွဲကို အနိုင်ရမယ်ဆိုရင် ယူနိုက်တက်နဲ့ ၂ မှတ်အကွာထိ ရောက်လာခဲ့မှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းကို ရှုံးလိုက်တာက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဆင့် ၄ ဝင်ခွင့်ကို အဟန့်အတား ဖြစ်လာစေပြီလားလို့ မေးခံလာရမှုအတွက် တန်ဟက်က ခုလို တုန့်ပြန်ခဲ့ပါတယ်။
“ အနေအထားက ဘာတစ်ခုမှ မပြောင်းလဲသွားပါဘူး။ ကိစ္စတွေ ပိုမိုလွယ်ကူသွားအောင် ကျနော်တို့ကပဲ လုပ်နိုင် ပါတယ်။ ကျနော်တို့ နိုင်ပွဲ ၃ ပွဲပဲ လိုတယ်လေ။ အရာအားလုံးက ကျနော်တို့ လက်ထဲမှာပါ။ ကိုယ်ဘာသာ ယုံကြည်နေဖို့ပဲ လိုပါတယ်။
လီဗာပူးကို အရေးစိုက်နေစရာ မလိုပါဘူး၊ ကိုယ်ဘာသာကိုယ်ပဲ အာရုံစိုက်နေရမှာပါ။ ကျနော်တို့က ကိုယ်ယှဉ်ပြိုင် ကစားရမယ့် ပွဲတွေကို အနိုင်ရလောက်တဲ့ အဆင့်အတန်း ပြသနိုင်ရင် ရပါပြီ။ အခြား ပြိုင်ဘက်တွေကို လိုက်ကြည့် မနေပါဘဲ ကိုယ့်ဘာသာပဲ အာရုံစိုက်ထားရမှာပါ ” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်း ဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲထဲက ၃ ပွဲကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ အိမ်ကွင်းပွဲတွေကို အနိုင်ရတာနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်က သေချာသွားတော့မှာ ဖြစ်ပါတယ်။