လီဗာပူးဟာ Top 4 ပြိုင်ပွဲမှာ ထည့်တွက်မခံရတော့ပေမယ့် ၆ပွဲဆက် အနိုင်ရလဒ်ဟာ ရာသီကုန်မှာ စိတ်ဝင်စားစရာ ကာလတစ်ခု ဖြစ်စေခဲ့တယ်လို့ ကလော့ပ်က ဆိုပါတယ်။
ဒီအပတ်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ၂ပွဲပို ကစားထားပေမယ့် အဆင့် ၄ နေရာမှ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ တစ်မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
“ ဒီ၆ပွဲ မတိုင်ခင်တုန်းက ကျွန်တော်တို့ ဒီနေရာ ရောက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ မန်ယူနိုက်တက်က လက်ကျန်ပွဲတွေကို အနိုင်ရသွားရင် ကျွန်တော်တို့ထက် ၇မှတ် အသာရသွားမှာပါ။ လိုက်မီဖို့ ခက်သွားမှာပါ။ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး အခြေအနေမှာ အဆုံးသတ်နိုင်အောင် လုပ်ရမှာပါ”လို့ ကလော့ပ်က ဆိုပါတယ်။
နောက်ဆုံး အဝေးကွင်း ၅ ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့တဲ့ မန်ယူနိုက်တက်ဟာ ဒီနေ့ညမှာ ဝက်စ်ဟမ်းကွင်းကို သွားရောက်ကစားရမှာပါ။ ကလော့ပ်ဟာ လီဗာပူးရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှု မရှိနေပေမယ့် အခုလိုမျိုး ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့တဲ့အတွက်တော့ ဝမ်းသာနေတာပါ။
ယာဂင်ကလော့ပ်က “ နည်းနည်းတော့ နောက်ကျနေပြီဆိုပေမယ့် ဘယ်တော့မှ ရောက်မလာတာထက်စာရင် နောက်ကျတာက ပိုကောင်းပါသေးတယ်။ မန်ယူနိုက်တက်တို့ ခြေချော်ရင်ဆိုပြီး စိတ်ကူးကြည့်ပါ။
သူတို့ ခြေချော်မယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် တကယ်လို့ သူတို့ ချော်သွားတာတောင် ကျွန်တော်တို့က အခွင့်အရေးယူနိုင်တဲ့ အနေအထား မရှိဘူးဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်။ အဲ့လိုသာဆို ကျွန်တော်တို့ လုံးဝ နောင်တရမိလိမ့်မယ်။
ယူနိုက်တက်က လက်ကျန် ၂ပွဲကို အနိုင်ရသွားရင် ကျွန်တော်တို့နဲ့ ၇မှတ် ကွာသွားမှာဖြစ်ပြီး သူတို့ ချန်ပီယံလိဂ်ဝင်ဖို့ အတော်လေး သေချာသွားလိမ့်မယ်။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ဘရိုက်တန်ကလည်း လက်ကျန်ပွဲအားလုံးကို အနိုင်ရရင် ကျွန်တော်တို့ကို ကျော်တက်သွားမှာပါ။ ဒါက စိတ်ဝင်စားရာကောင်းတဲ့အချိန်ပါ။
ကျွန်တော်တို့ အနောက်က အသင်းတွေကို အနောက်မှာပဲ ချန်ထားနိုင်အောင် လုပ်ရမှာ။ ဘာလို့လဲဆိုတော့ သူတို့က အနောက်ကနေ လိုက်လာနေပြီလေ။ အခုထိတော့ ဘာမှ တပ်အပ်ပြောလို့ မရသေးပါဘူး ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက ပွဲမှာ မန်ယူက ဝက်စ်ဟမ်းကို ရှုံးခဲ့တာကြောင့် နောက်ထပ် ခြေချော်မှုတွေ ရှိမလား ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။