ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလထဲ အမှတ်လျော့ခဲ့တဲ့ ပွဲတွေကနေ သင်ခန်းစာကြီး ရသင့်ပြီ လို့ ထောက်ပြသွားခဲ့ပါတယ်။
အာတီတာ အနေနဲ့ ဂျော်ဂျင်ဟို ကို ချန်ခဲ့တဲ့ ပွဲတွေ အပေါ် သုံးသပ် သင်ခန်းစာ ယူဖို့ ပေါမာဆန်က တိုက်တွန်းခဲ့ပြီး ဂျော်ဂျင်ဟို ဘာတွေ လုပ်ပြနိုင်သလဲ ဆိုတာ အခုလို ရှင်းလင်း ပြောဆိုလာခဲ့တာပါ။
” မီခေးလ် အာတီတာ အနေနဲ့ အရင်လက ရခဲ့တဲ သင်ခန်းစာတွေကနေ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ပြန်ကြည့်လိုက်ရင် ဆောက်သမ်တန်နဲ့ ပွဲမှာ ဂျော်ဂျင်ဟို ပွဲထွက်လာခဲ့သင့်တာ။ အဲဒီပွဲက အာဆင်နယ် နိုင်ဖို့ လိုတဲ့ ပွဲ။ ၇ဂိုး ၈ဂိုး ပြတ်စရာ မလိုဘူး၊ နိုင်ရင် ရပြီ။
လုပ်ရမယ့် ကိစ္စက ပြတ်ပြတ်သားသား မြင်ရတယ်။ အဲဒီပွဲမှာသာ ဂျော်ဂျင်ဟို ပါရင် ဆောက်သမ်တန် ဂိုးမသွင်းအောင် သေချာ ထိန်းပြီး သူက အခွင့်အရေးတွေလည်း ဖန်တီးပေးလိမ့်မယ်။ ဖာဘီယို ဗီအဲရာက ဂျော်ဂျင်ဟို ကို ကျော်ပြီး ပွဲထွက်လာတော့ ကျနော် ရှော့ခ်တောင် ရသွားတယ်။ အာဆင်နယ် အဲဒီပွဲ သရေကျသွားတယ်။
ဂျော်ဂျင်ဟိုက ပွဲတွေကို သေချာစီမံနိုင်သူပါ၊ လူတွေက သူ မပြေးနိုင်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ပြေးစရာ မလိုဘူးလေ၊ သူ့ ခေါင်းက သွက်ပြီးသား။ ခြေထောက်တွေ မြန်တာထက် ဦးနှောက်က ထက်မြက်တာ ပို ကောင်းတာ။
ဘောလုံးမှာ အကောင်းဆုံး စကေးလ်က ဘာလဲ သိလား? အလိမ်အခေါက် အလှည့်အပတ်တွေ မဟုတ်ဘူး။ ရယ်စရာတော့ ကောင်းတယ်။ ဘောလုံးနဲ့ အတူ ကိုယ့်အသင်းဖော်တွေကို သေချာ ရှာနိုင်တာပဲ။ ဒီ စကေးလ်ကို လူတိုင်းက လျှော့တွက်ကြတယ်။
လူတွေက ခံစစ်မှုး ၇ ယောက်လောက် ကျော်ဖြတ်ပြီး တကိုယ်တော် အလန်းစား ဂိုးတွေ သွင်းတာ မြင်ချင်ကြတယ်။ ဒါပေမယ့် ဘောလုံးကို အောင်အောင်မြင်မြင် ပေးပို့နိုင်တာကပဲ အကောင်းဆုံး စကေးလ်ပါ။ ဒါမျိုးတွေ လုပ်နိုင်ခဲ့လို့ နယူးကာဆယ်နဲ့ ပွဲမှာ ဂျော်ဂျင်ဟို man-of-the-match တောင် ရသွားတယ်။
သူ လုပ်ခဲ့တာတွေက ဆိုရှယ်မီဒီယာမှာ နာမည်ကျော်မှာ မဟုတ်ဘူး။ ကလေးတွေကလည်း ကြည့်မှာ မဟုတ်ဘူး။ ဗီဒီယို အတိုလေးတွေလည်း ထွက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ လုပ်ပြတာတွေက လူ အထင်ကြီး မခံရဘူးလေ။
ကျနော့် အမြင်တော့ ဂျော်ဂျင်ဟို အာဆင်နယ် အတွက် ပွဲထွက် ကစားရမှာပါ။ သူတို့ တိုက်စစ်မှာ ရှိတဲ့ မာတင်နယ်လီနဲ့ ဆာကာ ဆီ ဘောလုံး ပေးရမယ်။ ဂျော်ဂျင်ဟိုက အသင်းကို ဟန်ချက်ညီအောင် ထိန်းနိုင်သူပါ။ ” လို့ ပေါမာဆန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။