တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက် အသင်း ဟာ နောက်ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်မယ်ဆိုရင် နှစ်နေရာအတွက် ကစားသမားသစ် နှစ်ဦး ခေါ်ဖို့လိုတယ်လို့ ဂျပ်စတမ်က ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ဟယ်ရီကိန်းကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် နာပိုလီကြယ်ပွင့် ဗစ်တာအိုဆီမန်၊ ဖရန့်ဖတ်တိုက်စစ်မှူး ကိုလို မူအာနီ၊ ဘင်ဖီကာ တိုက်စစ်ကစားသမား ဂွန်ကာလို ရာမို့စ်တို့လို တခြားသော ပစ်မှတ်တွေလည်း ရှိနေပါတယ်။

ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကို ရက်ဖိုဒ့် တစ်ဦးတည်း ထမ်းပိုးထားရတာနဲ့အတူ နောက်ရာသီမှာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ချင်ရင် အရည်အသွေးပိုင်း ပိုပြီး အားဖြည့်ဖို့ လိုအပ်တယ်လို့ စတမ်က ပြောပါတယ်။

“ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တဲ့ အခွင့်အရေး ရဖို့ဆိုရင် နံပါတ် ၉ တစ်ယောက်နဲ့အတူ နောက်ထပ် တောင်ပံတစ်ယောက် ခေါ်ဖို့လိုတယ် ထင်မိတယ်။ ဘာလို့လဲဆိုတော့ တိုက်စစ်မှူးကို ဖန်တီးပေးနိုင်တဲ့၊ ကိုယ်တိုင် ဂိုးတွေပိုသွင်းနိုင်တဲ့ ကစားသမားတွေ ပိုရှိဖို့လိုအပ်တယ်လေ ” လို့ စတမ်းက ပြောပါတယ်။

ဒီရာသီမှာ ထိပ်ဆုံးလေးသင်းထဲ ဝင်ရင် အသင်းပိုင်ရှင်အသစ် ဘယ်သူပဲဖြစ်လာလာ တန်ဟက်ကို ဖလားစိန်ခေါ်နိုင်ဖို့အတွက် ပံ့ပိုးပေးလိမ့်မယ်လို့ စတမ်က ပြောပါတယ်။

ထိပ်ဆုံးလေးသင်းထဲဝင်ပြီး နောက်ထပ် ဖလားတစ်လုံး ရလိုက်ရင် တန်ဟက်အပေါ် ယုံကြည်မှုတွေ ပိုများလာမှာ ဖြစ်ပါတယ်။

“ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကလည်း အရမ်းအရေးကြီးပါတယ်။ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ကလပ်အတွက်ရော ဘဏ္ဍာရေးအရပါ အရေးပါတယ်။ နည်းပြအတွက်လည်း သိပ်ကြီးမားတဲ့ အရာတစ်ခုပါ။ ဒါကိုသူလုပ်နိုင်ပြီး အက်ဖ်အေဖလားပါ ရလိုက်ရင် ဘောလုံးရာသီကောင်း တစ်ခု ဖြစ်သွားလိမ့်မယ်။

မန်ချက်စတာကို သူရောက်လာပြီးကတည်းက ပြောင်းလဲသွားပြီ ဆိုပြီး လူတွေက ယုံကြည်နေတာ။ ဒါတွေကို အောင်မြင်ခဲ့ရင် အသင်းပိုင်ရှင်တွေကလည်း သူ့ကို ထောက်ပံ့ပေးမှာပဲ။ သူက ကလပ်ကို နောက်တဆင့် မြှင့်တင်ပေးမယ်သူလို့ အားလုံးက ယုံကြည်သွားလိမ့်မယ် ” ဆိုပြီး စတမ်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။