အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ဖလားကို လက်တစ်လုံး အလိုမှ လွဲချော်သလို ဖြစ်ခဲ့ရတဲ့ ဒီရာသီကြောင့် အာတီတာ ဟာ လာမယ့်နွေမှာ ကစားသမား ခေါ်ယူဖို့ ပေါင် သန်း ၂ဝဝ ကျော် အသုံးစရိတ် ရထားပြီ ဖြစ်ပါတယ်။
မန်စီးတီးထက် ကျော်ပြီး ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ချက်တွေကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ အဆုံးသတ်သလောက် ဖြစ်ခဲ့ပါပြီ။ ဒါပေမယ့် အာတီတာရဲ့ ငယ်ရွယ်တဲ့ လူစာရင်းဟာ နောက် တစ်ရာသီမှာ ထပ်မံ အားဖြည့်ပြီး စီးတီးကို ယှဉ်ဖို့ အားခဲနေပါတယ်။
The Times သတင်း အဆိုအရ အာဆင်နယ် ဘုတ်အဖွဲ့ဟာ လာမယ့်နွေမှာ အာတီတာကို ထောက်ပံ့ပေးပြီး နည်းပြ လိုချင်တဲ့ အဓိက ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ ဒီကလန် ရိုက်စ်နဲ့ ကိုင်စီဒို တို့ကို ခေါ်ယူရေး ကြိုးပမ်းမှာ ဖြစ်ပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အာဆင်နယ်ဟာ ဒီအပတ်မှာပဲ ဒီကလန် ရိုက်စ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်မှုတွေ စတင်နေပြီး ရိုက်စ်ကို ရရင်တောင် ဘရိုက်တန်မှ ကိုင်စီဒို ကိုလည်း ဆက် ခေါ်ယူမယ်လို့ သိရပါတယ်။
အာတီတာဟာ ခံစစ်အတွက်လည်း အစွန်နဲ့ ဗဟို တစ်ဦးစီ၊ တောင်ပံ တိုက်စစ်မှာလည်း ဆာကာ ကို ယှဉ်နိုင်တဲ့ သူ တစ်ဦး ထပ် ခေါ်ယူလိုပါတယ်။ ဒီလို စိတ်တိုင်းကျ ခေါ်ယူမှုတွေ လုပ်ဖို့ အာဆင်နယ်က လက်ရှိ လူစာရင်းကနေ ရောင်းချမှုတွေ လုပ်ကာ ပေါင် သန်း ၁ဝဝ လောက် ထပ်ရှာဖွယ် ရှိနေပါတယ်။
အာဆင်နယ် ရောင်းချဖို့ လျာထားသူတွေက ၁ဝ ယောက်လောက် ရှိနေပြီး တစ်သင်းစာ လူ အရေအတွက် ဖြစ်ပါတယ်။ ဒီ အရောင်းတင်မယ့် ကစားသမားတွေထဲမှာ ဒီရာသီ တောက်ပထားတဲ့ ရှာကာ လို ကစားသမား ပါဝင်နိုင် သလို စမစ် ရိုး တို့လည်း ပါဝင်မှာပါ။
ဒါ့အပြင် နစ်ကိုးလပ်စ် ပီပီ၊ မစ်လန်းနိုင်းစ်၊ ဘာလိုဂန်၊ လိုကွန်ဂါ၊ ဆီဒရစ် ဆောရက်စ်၊ နူနို တာဗာရက်စ် စ တဲ့ ကစားသမားတွေလည်း အရောင်း စာရင်း ဝင်လာပါမယ်။ သက်တော်ရှည် ကစားသမား ရော့ဘ် ဟိုးဒင်းလည်း ဒီနွေမှာ အသင်းကနေ ထွက်ခွာရဖွယ် ရှိပါတယ်။
နယူးကာဆယ်က စိတ်ဝင်စားနေတဲ့ တီယာနေးကိုလည်း အာဆင်နယ်က လက်လွှတ်ဖို့ တွန့်ဆုတ်မှာ ဖြစ်ပေမယ့် အရောင်းထဲ ပါဝင်သွားဖို့ များနေပါတယ်။ ဒါကြောင့် အာတီတာရဲ့ အရောင်းစာရင်းမှာ ၁ဝ ယောက်ထိ ရှိလာနိုင်ပါတယ်။